နမ့်ဆမ်  ဇူလိုင်  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ရှိ စုံဟင်ကျေးရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၄၂ ဒသမ ၈ သန်းဖြင့် စိုက်ပျိုးမြေဧက ၃၀၀ ကျော် အကျိုးပြုမည့် ကျေးလက် ကုန်ထုတ်လမ်း၊ တံတားဖောက်လုပ်ခြင်း လုပ်ငန်းများကို ဇွန်လ တတိယအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နမ့်ဆန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

နမ့်ဆန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် စုံဟင်ကျေးရွာ ကျေးလက် ကုန်ထုတ်လမ်း အရှည် သုံးမိုင် ခင်းခြင်းလုပ်ငန်းနှင့် အဆိုပါ ကုန်ထုတ်လမ်းပေါ်တွင် ကုန်ထုတ်တံတား အဖြစ် Box Culvert လေးစင်း တည်ဆောက်ခြင်းကို ခွင့်ပြုရန်ပုံငွေကျပ် ၁၄၂ ဒသမ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက ဇွန်လ တတိယအပတ်မှစ၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လမ်းအူကြောင်း ဖောက်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း နမ့်ဆန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများ အားလုံး ဆောင်ရွက်ပြီးစီးပါက စုံဟင်ကျေးရွာရှိ အိမ်ခြေ ၁၀၆ အိမ်၊ လူဦးရေ ၅၃၈ ဦး တို့၏ စိုက်ပျိုးမြေဧက ၃၀၀ ကျော်မှ ထွက်ရှိသော စပါးနှင့် အခြားသီးနှံများကို ဈေးကွက်သို့ ကုန်ကျစရိတ် သက်သာစွာဖြင့် အချိန်မီ သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)