နေပြည်တော်၊ ဇူလိုင် ၅ 

မြိတ်မြို့၊ ပြည်မြို့နှင့် ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၄ ရက် ည ၉ နာရီခွဲတွင် မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ ကမ်းနားလမ်းတွင် မျိုးခိုင်(ခ)ဝတုတ်(ခ) တရုတ် နှင့် တင်ထွန်း(ခ)ဝတုတ် တို့ ၂ ဦးကို ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၆၀၀ ကို လည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၅ နာရီ ၁၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ရွှေတောင်ကြားလမ်းတွင် မစုပြည့်ထွန်း(ခ)စုပြည့် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ကိုလည်းကောင်း၊  ထို့အတူ ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ နောင်ကန်ကျေးရွာအနီးတွင် အားဂျေ ကို ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

(သတင်းစဉ်)