နေပြည်တော်၊ ဇူလိုင် ၅
    
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ မန္တလေးမြို့သို့ သွားရောက် မည့် ကုန်တင်ယာဉ်(၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုတင် ဆောင်လာသော လျှပ်စစ်ထမင်းပေါင်းအိုး အလုံး(၂၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၈၀၀,၀၀၀)ကို လည်းကောင်း၊ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်(၁)စီးပေါ်၌ သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော Unsaturated Polyester Resin (၁၁၂၅)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၆၈,၅၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄,၅၆၈,၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
    
အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တ‌လေးမြို့မှ ပြင်ဦးလွင်သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်၌ စားသောက်ကုန်ပစ္စည်းများနှင့်အတူ ရောနှောသယ် ဆောင်လာသော တရားမဝင် ပိတောက်ခွဲသားနှင့် ကျွန်းခွဲသား (၀ ဒသမ ၁၄၆၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၆,၆၀၀)နှင့် အဆိုပါသစ်များ တင်‌ဆောင်လာသည့် Mitsubishi Canter အမျိုးအစား မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၁၄၆,၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
    
ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇူလိုင် ၄ ရက်တွင် ပဲခူးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူး ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ဘုရားကြီးတိုးဂိတ်အနီး၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော၊ အကောက်ခွန်နှင့် ကျသင့်ခွန်များ ပေးဆောင်ထားခြင်းမရှိသည့် ဗီယက်နမ် နိုင်ငံထုတ် Cable Wire (Aluminium) ကီလိုဂရမ် (၄၃၅၆၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၄,၆၈၈,၀၀၀)နှင့် အဆိုပါ Cable Wire များ သယ်ဆောင်လာသည့် နောက်တွဲယာဉ်ပါ NISSAN UD (၂၂)ဘီး ကုန်တင်ယာဉ် (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)နှင့် နောက်တွဲယာဉ်ပါ HOWO TRUCK အမျိုးအစား (၂၂)ဘီး ကုန်တင်ယာဉ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းအရ လည်းကောင်း၊ ဇူလိုင် ၅ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦး‌ဆောင်သော ပူးပေါင်း အဖွဲ့က ပဲခူးခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ (၁၄ ဒသမ ၄၈၆၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၂၀၆,၄၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း ၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၇၁,၈၉၄,၄၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
    
ထို့အတူ ဇူလိုင် ၅ ရက်တွင်  စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ကိုင်းမြို့နယ်အတွင်း တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၉၅၈,၆၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
    
ယင်းအပြင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေး‌ရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွား‌‌ရောက်မည့် ကုန်တင်ယာဉ်(၁)စီးပေါ်၌ သွင်းကုန် ကြေညာလွှာ (ID)တွင် ကြေညာထားခြင်း မရှိသော လျှပ်စစ်ထမင်းပေါင်းအိုး(၂၀၀)လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
     
သို့ဖြစ်ပါ၍  ဇူလိုင် ၄ ရက်နှင့် ၅ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၉,၅၆၈,၁၀၀ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)