သဲကုန်း ဇူလိုင် ၆
သဲကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉၄) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုး ဆောင်ရွက်မှုအား လက်တွေ့ပြသခြင်းကို ဇူလိုင် ၆ ရက် နံနက်ပိုင်းက သဲကုန်းမြို့နယ်၊ ဇလဲ့ကျေးရွာအုပ်စု၊ လက်ပံတန်းကျေးရွာ၊ ကွင်းအမှတ် (၉၆၀-ခ) တောင်သူ ဦးရဲထွဋ်ဝင်း၏ လယ်ယာမြေ၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုနှင့်ပတ်သက်၍ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးသူက တောင်သူများအား စပါးအထွက်နှုန်း ကောင်းစေရန်နှင့် သိပ္ပံနည်းကျ စိုက်နည်းစနစ်များကို ရှင်းလင်းပြောကြားသည်။ အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုကြောင့် တောင်သူများအနေဖြင့် အလုပ်သမားရှားပါးမှုကို ဖြေရှင်းနိုင်ခြင်း၊ စိုက်ပျိုးခသက်သာခြင်း၊ မျိုးစေ့ကုန်သက်သာခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမိုခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်း ကောင်းစေခြင်းနှင့် တစ်နေ့လျှင် ငါးဧကကျော် စိုက်ပျိုးနိုင်ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)