ဟင်္သာတ  ဇူလှိုင် ၆

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဇူလိုင် ၆ ရက် နံနက်ပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ရောက်ရှိလာပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာမှု အခြေအနေနှင့် တာတမံကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရူစစ်ဆေးခဲ့သည်။

တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးကြည်ဆွေနှင့် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးတိုး အောင်လင်းတို့က ဧရာတီမြစ်ရေ မြင့်တက်လာမှုကြောင့် လက်ရှိအခြေအနေတွင် ၄၂ ဒသမ ၂၀ လက်မသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ် ၄၄ လက်မသို့ရောက်ရှိရန် နီးကပ်နေမှုအခြေအနေများကို လည်းကောင်း၊  ဧရာဝတီမြစ်ရေလမ်းကြောင်း အခြေအနေများ၊ ကမ်းပြိုကမ်းစားမှု အခြေအနေများနှင့် ရေကာတာများ ပြုပြင်ထားရှိမှုများ၊ ရေကင်းစခန်းများ နေရာချထားမှုများ၊ တာတမံ ကြံ့ခိုင်မှုအတွက် ကြိုတင်ဆောင်ရွက် ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဟင်္သာတမြို့နယ် အိပ်ပျက်အုပ်စုရှိ ရေကင်းစခန်း အမှတ်(၈) အိပ်ပျက် တာတမံနယ်သို့ရောက်ရှိပြီး ရေကင်းစခန်းတွင် ရေဘေးကာကွယ်ရေး ပစ္စည်းများ အသင့်စုဆောင်းထားရှိမှုတို့ကို ကြည့်ရှုပြီး ဟင်္သာတမြို့၊ လက်သမားရပ်ကွက်၊ တာကြီးတန်းလမ်းရှိ ရေကင်းစခန်းအမှတ်(၁၀)၊ ဦးပါရဲ မြို့မ(၁) တာတမံနယ်မြေသို့ ရောက်ရှိ၍ ဧရာဝတီမြစ်ရေ မြင့်တက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဟင်္သာတဘူတာရုံသို့ရောက်ရှိပြီး ဘူတာရုံအတွင်း အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်များသို့ လိုက်ပါစီးနင်းရန် စောင့်ဆိုင်းနေသည့် ခရီးသည်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ပြီး ဟင်္သာတဘူတာရုံ ဧည့်ခန်းမတွင် မြန်မာ့မီးရထားဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ မန်နေဂျာ ဦးစိုမိုးနိုင်(အမှတ်-၉ တိုင်းတာဝန်ခံ)က ပုသိမ်မှ-ကြံခင်းသို့ အမှတ်(၁၈၅) အဆန် စာပို့ရထားနှင့် ကြံခင်းမှ ပုသိမ်သို့ အမှတ်(၁၈၆) အစုန် စာပို့ရထား ပြေးဆွဲမှု အခြေအနေများ၊ ခရီးသွားပြည်သူများ အဆင်ပြေ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်လမ်းညွန် မှာကြားခဲ့ကြောင်း သိရသည်။

ကိုဇော်(ဟင်္သာတ)