မင်းလှ ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပေါက်ကုန်းကျေးရွာအနီး တည်ဆောက်ထားသော ပန်းဇံမြောင်း ရေထိန်းတံခါးမှ ရရှိသော မုက္ခာဆည်ရေဖြင့် စိုက်ပျိုးသော ဟင်းသီးဟင်းရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိပြီး အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ပန်းဇံမြောင်း ရေတံခါးမှ ရရှိသော မုက္ခာဆည်ရေဖြင့် ပေါက်ကုန်းအုပ်စု၊ သဲကောအုပ်စု၊ တူးမြောင်းအုပ်စုရှိ ဒေသခံတောင်သူများက ဘုံလုံသီး၊ ဘူးသီး၊ ပဲတောင့်ရှည်နှင့် အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိကာ ထွက်ရှိသောသီးနှံများကို သီရိမင်္ဂလာဈေးကြီးသို့ နေ့စဉ် တင်ပို့ရောင်းချကြရာ အမြတ်ငွေများ ရရှိလျက်ရှိသည်။
မင်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် ဧက ၄၅၉ ဧကကျော်ရှိ၍ ရာသီအလိုက် ထွက်ရှိသည့် သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းတို့ဖြင့် အမြဲမပြတ် စိုက်ပျိုးထုတ်လုပ်ရောင်းချလျက် ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)