နေပြည်တော် ဇူလိုင် ၆
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အင်္ဂလိပ်စာစွမ်းရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် က အင်္ဂလိပ်စာ စွမ်းရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁) (English Language Proficiency Course – Batch 1) ကို ဇူလိုင် (၆)ရက်မှ ဩဂုတ်(၁၁) ရက်အထိ သင်တန်းကာလ (၁) လကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် ပညာရပ်အများစုကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည် ဖြစ်ရာ အင်္ဂလိပ်စာကို ကျွမ်းကျင်မှသာ ပညာရပ်များကို အဆင့်မီမီ လေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ သယံဇာတများသည် အချိန်ကာလပေါ်မူတည်၍ ကုန်ခမ်း ပျောက်ကွယ်သွားနိုင်ပြီး မကုန်ခမ်းနိုင်သည်မှာ နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပါကြောင်း။
သင်တန်းကာလအတွင်း၌ အချင်းချင်း အပြန်အလှန်သင်ယူ၊ ပူးပေါင်းဆောင်ရွက်ပြီး မိမိဘဝတိုးတက်ရေး၊ မိမိဌာန တိုးတက်ရေးမှသည် မိမိတို့ နိုင်ငံတိုးတက်ရေးအထိ သယ်ပိုး ဆောင်ရွက် သွားနိုင်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က အမှာစကား ပြောကြားသည်။
ယင်းနောက် သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများက မိတ်ဆက် စကားပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားသည်။
ယနေ့ဖွင့် လှစ်သည့်သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၂၅) ဦး တက်ရောက်ကြပြီး သင်တန်း ကာလကို (၁) လကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)