နေပြည်တော်၊ ဇူလိုင် ၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာသင်ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ယခု ကျောင်းနေသားသမီးများကလည်း လိမ္မာသည့် သားသမီးများအဖြစ် ထူးချွန်စွာ အောင်မြင်သွားသော အစ်ကို/ အစ်မများကို အတုယူ၍ ပိုမိုထူးချွန် အောင် ကြိုးစားအားထုတ်စေ လိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်း(ဒသမတန်း)၏ ဘဝတစ်ဆစ်ချိုး အလှည့်အပြောင်းစာမေးပွဲကို မိမိအပါအဝင် မိဘဆရာများ ဂုဏ်ယူဝမ်းမြောက်နိုင်လောက်အောင် ကြိုးစားပြစေလိုကြောင်း၊ထူးချွန်စွာအောင်မြင်ခဲ့ကြသူများကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်သကဲ့သို့ ကျောင်းနေ သား သမီးများကိုလည်း တွန်းအားပေးသည့်အနေဖြင့် ထောက်ပံ့ငွေများ ချီးမြှင့်ပေး သွားမည်ဖြစ်ပါကြောင်း၊ နောင်တစ်ချိန်တွင် ဆရာထက်သာသော တပည့်၊ မိဘ ထက် ထူးချွန်သော လူတော်လူကောင်းများအဖြစ် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အုတ် တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပါဝင်ဆောင်ရွက် နေကြသည်ကို မြင်တွေ့လိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များက ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်စာမေးပွဲတွင် လေးဘာသာဂုဏ်ထူး၊ သုံးဘာသာဂုဏ်ထူး၊ နှစ်ဘာသာဂုဏ်ထူး၊ တစ်ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများနှင့် စာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေနှင့် ပညာသင် ထောက်ပံ့ငွေများကို ပေးအပ်ကြသည်။
ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် လေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင် ခဲ့သည့် မောင်သန့်ဇော်က ကျောင်းသား/ ကျောင်းသူများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ် များ၊ ပါမောက္ခချုပ်များသည် ကျောင်းသားကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။
ယနေ့ကျင်းပသည့်အခမ်းအနားတွင် ဝန်ကြီးဌာနတစ်ခုလုံးမှ ကျောင်းသား/ ကျောင်းသူ (၁၉၆၄)ဦးအတွက် ပညာသင်ထောက်ပံ့ငွေပေးအပ်မှု ငွေကျပ် ၁၄၂၈၄၀၀၀ ကိုလည်းကောင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၇၁ ဦးအနက် ရိုးရိုးအောင်မြင်သူ ၄၆ ဦးကို တစ်ဦးလျှင် ကျပ် ငါးသောင်း၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၂ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၉ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၃ ဦး တို့ကို ဂုဏ်ထူးတစ်ခုလျှင် တစ်ဘာသာ တစ်သိန်းနှုန်းဖြင့် ချီးမြှင့် ငွေကျပ် ၆၈၀၀၀၀၀ ကိုလည်းကောင်း၊ ချီးမြှင့်ခဲ့ပြီး စုစုပေါင်း ထောက်ပံ့ချီးမြှင့်ငွေကျပ် ၂၁၀၈၄၀၀၀ ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)