နေပြည်တော် ဇူလိုင် ၇
လောကနန္ဒာစွယ်တော်မြတ်စေတီတော်နှင့် လောကနန္ဒာဘေးမဲ့တော ဥယျာဉ်တို့ အား ဧရာဝတီမြစ်ရေတိုက်စားမှုမှ ကာကွယ်ရေးလုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ် ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရှိရသည်။
လောကနန္ဒာစေတီတော်မြတ်သည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး မြစ်ရေကြီးချိန်တွင် ရေစီးကြမ်းခြင်း၊ မြစ်ပြင်ကျယ်သဖြင့် လှိုင်းကြမ်းခြင်းတို့ကြောင့် စေတီတော် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည် ဘဏ္ဍာနှစ်အလိုက် ကမ်းပါးထိန်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့သည်။
“စေတီတော်အောက် မြစ်ရေပြင်က နွေရာသီမှာ ရေအဝင်ပိတ်ပြီး အင်းကျန်အဖြစ် ရှိတယ်။ ရေများချိန်မှာကျတော့ ရေနက်ကြောင်းက စေတီအနား ကပ်စီးပြီး အောက်ခြေ ကို ဝဲလှည့် လှိုက်စားမှု ဖြစ်ပေါ်လာတယ်။ စေတီရဲ့ အခြေက နှစ်အလိုက် ပြုပြင် ထိန်းသိမ်းထားတော့ မြေထိန်းတမံ ရှိတယ်။ မြေထိန်းတမံကြောင့် မြစ်ရေ မတိုက်စားနိုင် ပေမယ့် မြေထိန်းတမံ တည်ဆောက်ထားခြင်းမရှိသေးတဲ့ စွယ်တော်ရဲ့ အောက်ခြေ ဘက် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားလျက်ရှိတယ်။ ဒါကြောင့် ကမ်းပြို ကာကွယ်ရေး လုပ်ငန်း တွေကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေနဲ့ လုပ်ငန်း ဆောင်ရွက်ခဲ့တယ်။
လုပ်ငန်းစတင်ဆောင်ရွက်တဲ့နေ့ကတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ လုပ်ငန်းဆောင်ရွက်ဖို့ survey ပြုလုပ်တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန် ၉ ရက်မှာ ရာခိုင်နှုန်းပြည့် ပြီးစီးခဲ့ပါတယ် ” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အငယ်တန်း အင်ဂျင် နီယာ(၁) ဦးအောင်မိုးသောင်းက ပြောကြားသည်။
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် လောက နန္ဒာစွယ်တော်မြတ်စေတီတော်နှင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ် ကမ်းပြိုကာကွယ် နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ဖြင့် Bored Pile အခြေပြု ကျောက်စီကမ်းထိန်းနံရံ ပေ ၂၀၀ နှင့် Gabion Box ကျောက်ဖြည့် ကမ်းထိန်းနံရံ ပေ ၈၀၀ ကို ဆောင်ရွက်နိုင်ခဲ့သည်။
ဟန်ရဲ