ရန်ကုန် ၊ ဇူလိုင် ၇
     
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးပျိုးထောင်စိုက်ပျိုးမှုနှင့်မျိုးစေ့ချစိုက်ပျိုးမှု ဧက ခြောက်သောင်းကျော် စိုက်ပျိုးထားပြီးဖြစ်ရာ တောင်သူတို့လိုအပ်သော ဓာတ်မြေ ဩဇာကို သက်ဆိုင်ရာမြို့နယ်အလိုက် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးလျက်ရှိပြီး သဘာဝမြေဩဇာကို အကျိုးရှိစွာထုတ်ယူအသုံးပြုနိုင်ရန်လည်း နည်းစနစ်ပိုင်းများကို ဖြန့်ဝေထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
     
စိုက်ပျိုးပြီးသောမိုးစပါးဧက ခြောက်သောင်းကျော်တွင် စံပြကွက်နှင့် စမ်းသပ်ကွက် စိုက်ခင်းများကို ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မိုးစပါးထွက်နှုန်းလျော့ကျမှု မရှိစေရန်၊ ဓာတ်မြေဩဇာတစ်အိတ်လျင် သဘာဝမြေဩဇာ ၃ အိတ်ရောစပ် အသုံးပြု နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက မိုးရာသီမတိုင်မီ သဘာဝမြေဩဇာထုတ်ယူ အသုံးပြုနိုင်မည့် နည်းစနစ်များကို တောင်သူတို့ထံ  အသိပညာပေးခဲ့သည်။

“မိုးစပါးမစိုက်မီမှာ မြေဆီလွှာအတွက် သစ်စိမ်းမြေဩဇာသုံးနိုင်ဖို့ နည်းစနစ် ပိုင်းဆိုင်ရာ အသိပညာပေးခဲ့ပါတယ်။ လိုက်နာဆောင်ရွက်မှုများလာမယ်ဆိုရင် အသုံးချမှု လည်း များလာမှာပါ။ ပြီးတော့သဘာဝမြေဩဇာဖြစ်တဲ့ အီးအမ်ဘိုကာချီမြေဩဇာ၊ ငါးအမိုင်နိုစတာတွေကိုဓာတ်မြေဩဇာနဲ့တွဲဖက်ပြီး ပိုပြီးအကျိုးရှိအောင်အသုံးပြုနိုင်ဖို့ ဆောင်ရွက်ထားတာလည်းရှိတယ်။ စပါးခင်းမြေဩဇာကျွေးချိန်မှာ တစ်အချိုးသုံးဖြစ်တဲ့ ဓာတ်မြေဩဇာတစ် အိတ်မှာသဘာဝမြေဩဇာသုံးအိတ် သုံးစွဲတတ်ဖို့နဲ့ ပင်ကြား၊ တန်းကြားစတဲ့ စိုက်ပျိုးနည်းစနစ်မှန်ကန်ဖို့၊ အကျိုး ရှိစွာအသုံးချတတ်ဖို့ကိုလည်း ပညာပေးဆောင်ရွက်ထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်လှကြည်က ပြောသည်။
     
သဘာဝမြေဩဇာကို တွဲဖက်အသုံးပြုခြင်းဖြင့် ဓာတ်မြေဩဇာသုံးစွဲမှုကို လျှော့ချ နိုင်ကာ သွင်းအားစုကုန်ကျစ ရိတ်ကိုသက်သာစေသောကြောင့် တောင်သူတို့ အလွယ်တကူရရှိနိုင်သည့် နွားချေး၊ ကြက်ချေး၊ ကောက်ရိုး၊ မြက်ခြောက်၊ စပါးခွံ၊ ဗေဒါ၊ ဟင်းသီးဟင်းရွက်စွန့်ပစ်ပစ္စည်းတို့ကို မြေဆွေးအပုံလိုက်ပြုလုပ်၍ ၃ လခန့် ဓာတ်ပြုစေပြီး သဘာဝမြေဩဇာထုတ်လုပ်အသုံးပြုခြင်းနှင့် ရွက်ဖြန်းမြေဩဇာအဖြစ် အသုံးပြု နိုင်သော ငါးအမိုင်နိုအက် ဆစ်ထုတ်လုပ်မှုကို စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူတို့အား လက်တွေ့ သရုပ်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
     
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးဧက ၁၁ သိန်းကျော်စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိပြီး တောင်သူများ ကုန်ကျစရိတ်သက်သာစေရန် သဘာဝမြေဩဇာ အတွက် မိုက်ခရိုဩဂနစ်ဇန်ဖြင့်လည်းကောင်း၊ ထွိုက်က ရိုဒါးမားမှိုဖြင့်လည်းကောင်း မြေဆွေးရရှိအသုံးပြုနိုင်သော နည်းပညာကိုဖြန့်ဝေထားကာ စပါးစိုက်ပျိုးထားသော မြို့နယ်၊ကျေးရွာတို့၌ တစ်ဧကလျင်တင်း ၁၀၀ ထွက်ရှိနိုင်သော စံပြစိုက်ကွက်များနှင့်၊ မျိုးစေ့ထုတ်စိုက်ကွက် များကိုလည်း ဖော်ဆောင်ရှိထားကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး
ညိမ်းသူ ( သတင်းစဉ် )