ဇူလိုင် ၈
ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် နာရာမြို့အနောက်ပိုင်းရှိ လမ်းပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ ရဲတပ်ဖွဲ့က ရာမာတိုဆာဒါဂျီဘူတာရုံအနီးထိုပစ်ခတ်မှုဖြစ်ပွားရာနေရာတွင် အမျိုးသားတစ်ဦးကိုဖမ်းဆီးခဲ့သည်။
အာဘေးသည် နာရာမြို့တွင် ရွေးကောက်ပွဲမဲဆွယ်ဟောပြောနေစဉ် လူအများကသေနတ်သံ နှစ်ချက်ကြားလိုက်ရပြီး အာဘေးသည် မနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်၌ လဲကျသွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့်ပစ်ခတ်ခံရသည့် အာဘေးအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။
ရဲတပ်ဖွဲ့က နာရာမြို့ရှိ အသက် ၄၁ နှစ်အရွယ် ရာမာဂါမီတက်ဆူရာဆိုသူအား ယင်းနေရာတွင် ၎င်းကိုင်ဆောင်ထားသော သေနတ်တစ်လက်နှင့်အတူ လူသတ်ရန်ကြိုးစားအားထုတ်မှုဖြင့် ဖမ်းဆီးခဲ့သည်။ အာဘေးသည် အနောက်ဘက်မှ ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
ယင်းပစ်ခတ်မှုဖြစ်ပွားရာနေရာရှိ အင်န်အိတ်ချ်ကေသတင်းထောက်တစ်ဦးက အာဘေးသည် သေနတ်ပစ်ခတ်ခံရသဖြင့် သွေးများထွက်လျက်ရှိသည်ဟု ဆိုသည်။
ဇူလိုင် ၁၀ ရက်နေ့တွင် ကျင်းပမည့် အထက်လွှတ်တော်ရွေးကောက်ပွဲမတိုင်မီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းအတွက် မဲဆွယ်ပွဲပြုလုပ်နေခြင်းဖြစ်သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို