ပုသိမ်    ဇူလိုင်  ၈

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ စက်မှုမြို့တော်တွင် Shuang Xi (Pathein) Garment Co., Ltd အထည်ချုပ်စက်ရုံသည် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေပုဒ်မ ၂၅/(ဃ)အရ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှု ကော်မတီမှ အတည်ပြုအမိန့်အမှတ် ဧရာ ၀၆၆/၂၀၂၁ဖြင့် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် စမ်းသပ်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါစက်ရုံအား ရင်းနှီးမြုပ်နှံမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၇၀ သန်းဖြင့် တည်ဆောက်ခဲ့ပြီး ပြင်ဆင်သည့်ကာလ (၁)နှစ်ခန့် ကြာမြင့်ခဲ့သည်။ အထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှ မှာယူတင်သွင်းပြီး ကုန်ချောအဖြစ် (JAKO/ UHL Sport) အမှတ်တံဆိပ် အဝတ်အထည်များ ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

 

လက်ရှိစက်ရုံတွင် ပြည်ပနိုင်ငံသား သုံးဦး၊ လုပ်သား ၄၆၈ ဦးဖြင့် လုပ်ကိုင်လျက်ရှိပြီး ဒေသခံများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကာ အဆင်ပြေလျက်ရှိသည်။ စမ်းသပ်လည်ပတ်မှုနောက်ပိုင်းတွင် လုပ်သားအင်အား ၁၃၀၀ ကျော်ထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဟု စက်ရုံမန်နေဂျာထံမှ သိရသည်။

 

မြင့်ဟန် (ပြန်/ဆက်)