ရန်ကုန် ဇူလိုင် ၈
Assessor Methodology Training သင်တန်းဆင်းပွဲကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပရာ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA) ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီဝင်များ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီဝင်များနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက “မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့အနေဖြင့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေရသည့် စစ်ဆေးအကဲဖြတ်သူ (Assessor) များကို ၂၀၁၄ ခုနှစ်က စတင်မွေးထုတ်ခဲ့ပြီး စစ်ဆေးရေးမှူး ၅၆၀ ကျော် အသိအမှတ်ပြုပေးခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်မှ ယနေ့အထိ Assessor Methodology Training ကို Online စနစ်ဖြင့် သင်တန်းသား ၂၀၀ ကျော် ပို့ချခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွင်း စစ်ဆေးရေးမှူးသင်တန်းသား ၃၀၀ ကျော် မွေးထုတ်ပေးရန်ရှိကြောင်း။
သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် အရည်အသွေး အာမခံချက်ရှိသည့် စစ်ဆေးအကဲဖြတ်မှုများ ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်း နည်းစနစ်များ၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုများကို ထိရောက်စွာ စစ်ဆေးနိုင်မည့် စာတွေ့/လက်တွေ့ မေးခွန်းထုတ်နည်းများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းစဉ်တွင် Assessor တစ်ဦး၏ တာဝန်ဝတ္တရားများ၊ လိုက်နာရမည့် ကျင့်ဝတ်များ၊ စစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” ကို အတည်ပြုနိုင်ရန် Trial Test ပြုလုပ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များအပြင် စစ်ဆေးအကဲဖြတ်မှု အောင်မြင်စေရန် ကြိုတင်ပြင်ဆင်ရမည့် အချက်များကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချရန်လိုကြောင်း၊ Assessor Methodology Training သင်တန်းသားများသည် အလုပ်အကိုင်မျိုးစုံ၊ လုပ်ငန်းနယ်ပယ်စုံကဖြစ်၍ သင်တန်းဆင်းပြီးသည်နှင့် စစ်ဆေးအကဲဖြတ်မှုများတွင် အလေးထား ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း” ပြောကြားခဲ့သည်။
သတင်းစဉ်