ပလောက် ဇူလိုင် ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၌ စပါးစိုက်ဧကများပြားပြီး ဒေသဝမ်းစာ ဖူလုံမှုရှိသည့်အတွက် ယခုနှစ် မိုးစပါးစိုက်ရာသီတွင်လည်း လယ် ၁၅၄၉၈ ဧကအပြင် တောင်ယာစပါး ၃၁၃ ဧကကို စိုက်ပျိုးရန် လျားထားဆောင်ရွက်လျက်ရှိရာ ယခုအခါ လယ်ဧက ၈၀၀၀ ကျော်ခန့် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ပလောက်မြို့ စိုက်ပျိုးရေးဉီးစီးဌာန ဦးစီးမှူး ဦးသော်ဇင်ထွန်းထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးရှိ ဒေသဝမ်းစာဖူလုံမှုမရှိသော အချို့သောမြို့နယ်များတွင် လူဦးရေများပြားပြီး မိုးစပါးစိုက်ဧက နည်းပါးလျက်ရှိသည်။ မြို့လူဦးရေနည်းပါးသည့် ပလောက်မြို့တွင် မိုးစပါး ၁၅၄၉၈ ဧကအပြင် တောင်ယာစပါး ၃၁၃ ဧကကို စိုက်ပျိုးနိုင်သည့်အတွက် ဒေသဝမ်းစာ ဖူလုံကာ ပိုလျှံလျက် ရှိကြောင်း သိရသည်။
ပလောက်မြို့ရှိ တောင်သူများအနေဖြင့် ဒေသမျိုးစပါးဖြစ်သော စပါးကြီး (သက်တန်းကြီးစပါး)ကို အဓိကစိုက်ပျိုးလျက်ရှိပြီး တောင်ယာစပါး စိုက်ခင်းများတွင် ဒေသမျိုးများဖြစ်သော ခေါက်မလိ၊ ခေါက်ဒင် စသည့်တောင်ယာစပါးမျိုး အနည်းငယ်ကို စိုက်ပျိုးလျက်ရှိသည်။ ယခုအခါ အထွက်နှုန်း ကောင်းသော ဆင်းသုခ၊ ဆင်းသွယ်လတ်နှင့် အရည်အသွေးကောင်းသော ပေါ်ဆန်းရင်၊ ရွှေဘိုပေါ်ဆန်၊ ပေါ်ဆန်းဘေးကြားများ စိုက်ပျိုးလာကြကာ ဒေသမျိုးစပါး ထွက်ရှိမှုမှာ တစ်ဧကလျှင် စပါး ၆၅ တင်းမှ ၇၀ ဝန်းကျင်ခန့်နှင့် အထွက်ကောင်း မျိုးစပါးထွက်ရှိမှုမှာ တစ်ဧကလျှင် စပါးတင်း ၈၀ မှ တင်း ၁၀၀ ကြားအထိ ထွက်ရှိကြောင်း သိရသည်။
ပလောက်မြို့တွင် ရပ်ကွက်လေးခု၊ ကျေးရွာအုပ်စု ခုနစ်အုပ်စု၊ ကျေးရွာပေါင်း ၄၈ ရွာ၊ လူဦးရေ ၃၉၀၀၀ ကျော်ခန့်ရှိပြီး မိုးစပါး စိုက်ဧက ၁၅၄၉၈ ဧက၊ တောင်ယာစပါး စိုက်ဧက ၃၁၃ ဧကနှင့် ရော်ဘာ ၁၁၆၂၄ ဧက၊ ကွမ်းသီး ဧက ၅၀၀၀ ကျော်ခန့်၊ သီဟို ၃၈၈၈ ဧက၊ ဆီအုန်း ဧက ၈၀၊ ဥယျာဉ်ခြံသီးနှံစုံ (ကျွဲကော၊ ကြက်မောက်၊ သရက်၊ ဒူးရင်း၊ မာလာကာ) ဧက ၂၀၀၀၀ ကျော်ခန့်၊ ဟင်းသီးဟင်းရွက် စိုက်ခင်း ၈၄ ဧက ရှိကြောင်းနှင့် ဒေသဝမ်းစာဖူလုံမှုရှိကြောင်း ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြင့်ဦး(မြိတ်)