နေပြည်တော်၊ ဇူလိုင် ၉
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ယနေ့ နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်ရှိ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ (အင်းကုန်း)၌ မြန်မာ့လယ်ယာသုံး စက်ကိရိယာလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စက်ရုံမှူးတို့က ၂၀၂၁-၂၀၂၂ ကာလတို ဘဏ္ဍာရေးနှစ်အတွင်း လယ်ယာသုံးစက်ကိရိယာ သုတေသနပြု စမ်းသပ်ဆောင်ရွက်နိုင်မှု၊ စမ်းသပ် ဆောင်ရွက်ထားသော ကြက်သွန်စိုက်ပေါင်ဖော်ကိရိယာ၊ ကြက်သွန်စိုက်ကျင်းဖော် ကိရိယာများနှင့် ဆေးဖျန်း ကိရိယာများ၊ မျိုးစေ့ချကိရိယာများကို စမ်းသပ်အသုံးပြုနေမှု၊ လက်တွန်းထွန်စက် တပ်ဆင်ထုတ်လုပ်မှု တိုးမြှင့်နိုင်ရန် ကျွမ်းကျင်သော လုပ်သားအင်အားနှင့် စက်ကိရိယာ လိုအပ်ချက်များကို တင်ပြဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လယ်ယာလုပ်သားရှားပါးလာမှုနှင့် ရာသီဥတုပြောင်းလဲလာမှုတို့ ကြောင့် ရာသီအချိန်မီ စိုက်ပျိုးထုတ်လုပ်နိုင်ရန် လယ်ယာသုံး စက်ကိရိယာများ တွင်တွင်ကျယ်ကျယ် အသုံးပြု နိုင်ရေးသည်လည်း လိုအပ်လျက်ရှိရာ ယင်းလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်တွင်းပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုနှင့် ပြည်ပရင်းနှီးမြုပ်နှံမှုများကို မိမိတို့ဝန်ကြီးဌာနက အားပေးဆောင်ရွက်လျက်ရှိကြောင်း။
ပြည်တွင်းပြည်ပထုတ် လယ်ယာသုံး စက်ကိရိယာများ အရည်အသွေးစစ်ဆေးပေးရေး၊ ကျွမ်းကျင်သော လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းပြုပြင်သူများ အရည်အသွေးပြည့်ဝစွာ သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ လက်ရှိ လယ်ယာသုံးစက်ကိရိယာသင်တန်း ကျောင်းများတွင် စက်မှုလက်မှုအထက်တန်း အောင်မြင်ပြီးသူများ၊ အခြေခံပညာအထက်တန်းသင်ယူပြီး ဆုံးသူများကို နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရကျွမ်းကျင်သူများ အများအပြားမွေးထုတ် ပေးနိုင်ရေးနှင့် အရည်အချင်းပြည့်မီသူများကို အစိုးရနည်းပညာသိပ္ပံနှင့် ဘွဲ့ကြိုသင်တန်းများသို့ ပေါင်းကူးသင်ယူနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးပြည့်ဝသော လယ်ယာသုံး စက်ကိရိယာများကို တောင်သူများလက်လှမ်းတမီ သုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် မြန်မာ့လယ်ယာသုံး စက်ကိရိယာလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံရည်ကြိုပစ္စည်းများ စက်ခုတ်စားခြင်းနှင့် အင်ဂျင်တပ်ဆင် ရေး အလုပ်ရုံ၊ သံဂဟေ၊ ပုံဖိနှင့် လက်တွန်းထွန်စက် တပ်ဆင်ရေးအလုပ်ရုံ၊ သံဂဟေ၊ ပုံဖိနှင့် လက်တွန်း ထွန်စက်တပ်ဆင်ရေး အလုပ်ရုံ၊ ဂီယာ၊ ရှပ်များ စက်ခုတ်စားခြင်းနှင့် အမာတင်အလုပ်ရုံ၊ သံရည်ကြိုနှင့် ဂီယာအကြမ်း ပုံထောင်းအလုပ်ရုံ၊ ရိတ်သိမ်းခြွေလှေ့စက် တပ်ဆင်ရေးအလုပ်ရုံများကို ကြည့်ရှုစစ်ဆေး ကြသည်။
အင်းကုန်းစက်ရုံကို စက်မှုလယ်ယာဦးစီးဌာနက တာဝန်ယူခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း လက်တွန်းထွန်စက် အစီး(၉၅၀၀)ကျော်၊ လက်ကိုင်ရှည်ထွန်စက် အစီး(၉၆၀၀)ကျော် ထုတ်လုပ်ခဲ့ပြီး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လယ်ယာသုံးစက်ကိရိယာ(၆)မျိုးကို လျာထားချက် ပြည့်မီစွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး လက်တွန်းထွန်စက်(၅၀၀၀)တိုးမြှင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်ရှိ ဂွတ်ဘရားသား မစ်ရှင်နရီကုမ္ပဏီ(Good Brothers Machineries Co.,Ltd) ၏ လယ်ယာသုံးစက်ပစ္စည်းစက်ရုံသို့ရောက်ရှိကြပြီး လက်တွန်းထွန်စက်၊ ပုဇဉ်းခေါင်းထော်လာဂျီ၊ ဝန်တင်ထော်လာဂျီအမျိုးမျိုး၊ ရေဘောက်ဆာ၊ ကောက်စိုက် စက်၊ ရိတ်သိမ်းခြွေလှေ့စက်များ ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုအားပေးပြီး အရေအတွက်နှင့် အရည်အသွေးမြင့်မားသော စက်ပစ္စည်းကိရိယာများ ထုတ်လုပ်ရေး မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)