ရန်ကုန်၊ ဇူလိုင် ၉
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့ နံနက်(၈)နာရီက ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်သို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဗိုလ်မှူးကြီးမျိုးမြင့် (ငြိမ်း) က ဇူလိုင် (၃၀)ရက်မှ သြဂုတ်(၆)ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဆိုလိုမြို့တွင် ကျင်းပပြုလုပ်မည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က အားကစားသမား များအတွက် မြန်မာ့လေကြောင်းစင်းလုံးငှားလေယာဉ်ဖြင့် သွားရောက်နိုင်ရန် မြန်မာ့လေကြောင်းလိုင်း ဖြင့် ညှိနှိုင်းထားပါကြောင်း၊ ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော အားကစားသမားများကို ဂုဏ်ပြုဆု ချီးမြှင့်ရန်အတွက် စီစဉ်ထားပါကြောင်း၊ အားကစားအောင်မြင်တိုးတက်ရန်အတွက် အဖွဲ့ချုပ်နှင့် ဝန်ကြီး ဌာနတို့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် ယူဆောင်သွား မည့် အားကစားအထောက်အကူပြု ပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ်သို့ ငွေကျပ် (၁၅)သိန်း ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များကို သွားရောက် တွေ့ဆုံအမှာစကားပြောကြားပြီး ထိုင်လျက် ဘော်လီဘော အားကစားသမားများ ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူလက်ဝှေ့ရုံသို့ ရောက်ရှိပြီး မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ချုပ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နည်းပြ/ဒိုင်လူကြီးများနှင့် အားကစားသမားများကို တွေ့ဆုံအမှာစကား ပြောကြားသည်။
(သတင်းစဉ်)