နေပြည်တော် ဇူလိုင် ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ (၆)လ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော တောင်ကြီးမြို့ရှိ၊ ပြည်နယ်ရုံး အဆောက်အဦသစ် ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေး သည်။ ဆက်လက်၍ ပြည်နယ်ရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ ဦးစီးဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရေး၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်အလိုက် အချိန်မီပြီးစီးရေး၊ ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ လိုက်နာဆောင်ရွက်ကြရေး မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရပ်စောက်မြို့နယ် သမဝါယမအသင်းစုလီမိတက်၊ စွမ်းထက်သဘာဝ အားဖြည့်မြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းသို့ရောက်ရှိပြီး အားဖြည့်သဘာဝမြေဩဇာ ထုတ်လုပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်က ကြက်ချေးအခြေခံ စွမ်းထက်သဘာဝအားဖြည့်မြေဩဇာ ထုတ်လုပ်မှု အခြေအနေများ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ တောင်သူလယ်သမားများ အကျိုးဖြစ်ထွန်းစေမည့် သဘာဝမြေဩဇာများ ထုတ်လုပ်မှု များကို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သဘာဝမြေဩဇာများ ထုတ်လုပ်ရာတွင် အရည်အသွေး ပြည့်ဝပြီး စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေး အလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းကို အထောက်အကူပြုမည့် သဘာဝမြေဩဇာများ တိုးမြှင့်ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။ ယင်းနောက် စွမ်းထက် သဘာဝ အားဖြည့်မြေဩဇာထုတ်လုပ်ရေးလုပ်ငန်းအတွက် ပံ့ပိုးချေးငွေကျပ် သိန်း (၁၀၀)ကို သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်က ထောက်ပံ့ပေးအပ်ကာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေပူရွာ၊ ပြည်နယ်သမဝါယမအသင်းစုချုပ်၏ စိုက်ပျိုးရေးခြံသို့ ရောက်ရှိကာ သဘာဝအားဖြည့်မြေဩဇာများ အသုံးပြု၍ စိုက်ပျိုးထားသော သီးနှံပင်များကို ကြည့်ရှုစစ်ဆေး ကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)