ကျောက်ဆည် ဇူလိုင် ၁၂
မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဆုတောင်းပြည့် မဟာရွှေသိမ်တော် တန်ခိုးကြီး ဘုရားတွင် ဇူလိုင် ၁၂ ရက် ဝါဆိုလပြည့်နေ့၌ ရပ်နီးရပ်ဝေး ဘုရားဖူးပြည်သူများ၊ အဓိဋ္ဌာန်ပြု ဆုတောင်းသူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ဆုတောင်းပြည့် မဟာရွှေသိမ်တော် ဘုရားကြီးသည် ၃၉၅ ခုနှစ်တွင် ရှင်အရဟံ ရဟန်းကြီး ကိုယ်တိုင် သိမ်သမုတ်ပြီး အနော်ရထားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဘုရားတစ်ဆူဖြစ်ပြီး ရှေးရွာသူကြီးများ လက်လက်၌ လိမ်ညာမှု၊ ခိုးမှု၊ အငြင်းပွားမှုများအား ဆုံဖြတ်နိုင်ရန်အတွက် မဟာရွှေသိမ်တော်ဘုရာကြီး ရှေ့မှောက်တွင် သစ္စာကန်တော့ပွဲနှင့် မီးတိုင်ထွန်းခြင်းများ၊ သစ္စာရည်သောက်ခြင်းများ ပြုလုပ်ဖြေရှင်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ သစ္စာအဓိဌာန်ပြု ဆုတောင်းပါက တောင်းသည့်ဆုများ ပြည့်ဝသဖြင့် ဘုရားဖူးများ တစ်နေ့တခြား စည်ကားလာကြောင်း မဟာရွှေသိမ်တော်ဆုတောင်းပြည့် ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေ၏ ပြောပြချက်အရ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)