ပဲခူး ဇူလိုင် ၁၂
ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်သည့် မေတ္တသုတ် ပရိတ်တရားတော်ကို နာယူကြသည်။
ထို့နောက် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၏ ဇနီးများက သီလရှင်ဝတ်ရုံများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပဲခူးမြို့၊ ကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်အပေါင်းက အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြ သည်။
တင်စိုး(ပဲခူး)