မကွေး ဇူလိုင် ၁၂
သာသနာတော်နှစ် ၂၅၅၆၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်နေ့ နံနက်ပိုင်းက မကွေးမြို့၊ မြသလွန်ဘုရား ရင်ပြင်တော်ရှိ မဟာဝိဇယရံသီ တန်ဆောင်းတော်ကြီးတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းကို၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် မကွေးမြို၊ မဟာဓမ္မိကာရာမတိုက် ပဓာနနာယက ဘဒ္ဒန္တဥတ္တရ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်ထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး၊ အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင်၊ မကွေးမြို၊ မဟာဓမ္မိကာရာမတိုက် ပဓာနနာယက ဘဒ္ဒန္တဥတ္တရ ဆရာတော်ကြီးထံမှ အနုမောဒနတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။ အဆိုပါ အခမ်းအနားတွင် သင်္ကန်း ၄၆၂ စုံကို စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မကွေး(ပြန်/ဆက်)