မန္တလေး ဇူလိုင် ၁၂
ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ဖြစ်သည့် ဇူလိုင် ၁၂ ရက်တွင် မန္တလေးမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူအပေါင်း တို့သည် နံနက်အရုဏ်တက်ချိန်မှစ၍ ဓမ္မစကြာအခါတော်နေ့ ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းလောင်းလှူဒါန်းခြင်း၊ ဇီဝိတဒါနဘေးမဲ့လွှတ်ခြင်း စသည့် ကုသိုလ်ကောင်းမှူ ပြုသူများဖြင့် စည်ကားလျက်ရှိသည်သည်။
မန္တလေးမြို့၏ အထင်ကရဖြစ်သော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့လည်း အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့က လာရောက်၍ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဆွမ်းရေချမ်းပန်း ကပ်လှူပူဇော်ခြင်း၊ ဆီမီးပူဇော်ခြင်း၊ ရေသပ္ပာယ်ခြင်း၊ ငါးလွှတ်ခြင်း၊ ငါးစာကျွေးခြင်းများအပြင် ဥပုသ်သီတင်းသီလ ဆောက်တည်၍ တရားဘာဝနာ အားထုတ်ခြင်း၊ ဘာသာရေး လူမှုရေး ဝတ်အသင်းအဖွဲ့များက ဓမ္မစကြာဝတ်ရွတ်ပူဇော်ခြင်းတို့ကို အဖွဲ့လိုက်၊ မိသားစုလိုက် အေးချမ်း ပျော်ရွှင်စွာ ကုသိုလ်ကောင်းမှုပြုလုပ်လျက်ရှိသည်။
အလားတူ အရှေ့ပြင်လုံးဆိုင်ရာ မဟာလောကရန်နှိမ် အောင်တော်မူ ဆုတောင်းပြည့်ဘုရား၊ ချမ်းသာကြီးချမ်းသာရဘုရား၊ စန္ဒာမုနိကုသိုလ်တော်ဘုရား၊ မန္တလေးတောင်တော် အတုမရှိ ရွှေကျောင်းတော်ကြီး၊ ဆုတောင်းပြည့် ဆုတောင်းရဘုရား၊ ဘုရားနီ၊ တဝဂူဘုရား၊ ရွှေကျီးမြင်ဘုရား၊ စွယ်တော်မြတ်စေတီတော်၊ နန်းမြို့ဆုတောင်းပြည့်ဘုရား၊ ဝေရောစနကျောက်စိမ်းစေတီတော်၊ အပါအဝင် ဘုရား၊ စေတီများ၌ အနယ်နယ်အရပ်ရပ်နှင့် မန္တလေးမြို့ပေါ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး စေတနာရှင် အလှူရှင်များကလည်း စတုဒီသာကျွေးမွေးလှူဒါန်းကာ ဒါနပြုကြသည့်အပြင် မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်သော ကမ်းနားလမ်းရှိ မြို့တော်ဥယျာဉ်၊ ပုသိမ်ကြီးမြို့နယ်ရှိ အပန်းဖြေစခန်းများ၊ အမရပူမြို့နယ်ရှိ ဦးပိန်တံတား တောင်သမန်အင်းတို့၌လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေ အနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မောင်အေးချမ်း