ရန်ကုန်         ဇူလိုင်         ၁၂

 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ရင်ပြင်တော်တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီး ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့် ဓမ္မစကြာအခါတော်နေ့ ရေစက်ချအခမ်းအနားသို့ တက်ရောက်ကြည်ညိုသည်။

 

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့  ဩဝါဒါစရိယဆရာတော်  နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပဝရာဘိဝံသ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ဆရာတော်ထံမှ တက်ရောက်လာကြသူများက နဝင်္ဂသီလ ခံယူဆောက် တည်ကြသည်။

 

ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိ ဦးသိန်းထွဋ်မောင်က အဖွင့်မင်္ဂလာ စကားလျှောက်ထားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

 

ယင်းနောက် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့် ဓမ္မစကြာ အခါတော်နေ့အခမ်းအနား လှူဒါန်းမှု အစုစုတို့အတွက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဓန္တဝါယာမိန္ဒာဘိဝံသ တိပိဋက မဟာဂန္တဝင် နိကာယ်ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)