နေပြည်တော်    ဇူလိုင်   ၁၂

 

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ၁၃၈၄ ခုနှစ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် (၁၄)ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပွဲနှင့် (၁၃၇)ကြိမ် မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကို ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တက်ရောက်ကြည်ညိုပြီး စေတီတော်လိုဏ်ဂူအတွင်း အရှေ့အရပ်ရှိ မဟာမဏိဂေါတမ ဗုဒ္ဓပဋိမာရုပ်ပွားတော်အား လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက တောင်အရပ်ရှိ မဟာမဏိမယ ကကုသန္ဓ ဗုဒ္ဓပဋိမာရုပ်ပွားတော်အား လည်းကောင်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အနောက်အရပ်ရှိ မဟာမဏိမယ ကောဏာဂမန ဗုဒ္ဓပဋိမာရုပ်ပွား တော်အားလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲဝင် ဦးဇေယျာလင်းက မြောက်အရပ်ရှိ မဟာမဏိမယ ကဿပ ဗုဒ္ဓပဋိမာ ရုပ်ပွားတော်အား လည်းကောင်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စိုးဦးက အရှေ့မြောက်အအရပ်ရှိ မဟာဆုတောင်းပြည့် (ပန်းပေါင်း) ဘုရားအားလည်းကောင်း ရွှေကြာသင်္ကန်းအများနှင့် မြသပိတ်တော်ဖြင့် ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေများကို ကပ်လှူပူဇော်ခဲ့ကြသည်။

 

ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ အင်းသာအရှေ့ကျောင်းတိုက်၊ ပဓာနနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဆရာတော် ဘဒ္ဒန္တပဏ္ဍိတက တက်ရောက်လာသော ဧည့်ပရိသတ်များအား ပရိတ်တရားတော်နှင့် ဘုရားဂုဏ်တော်များအား ဟောကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)