နေပြည်တော်၊ ဇူလိုင် ၁၃

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို ယနေ့နံနက် (၉) နာရီခွဲက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပန်းခင်းစီမံချက်သည် ၂၀၂၁ ခုနှစ်၊ မေ (၃) ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ(၃) ရက်အထိ (၁၈)လကြာ သတ်မှတ်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ လျာထားသတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုအခါ စီမံချက် ကာလ (၁) နှစ်ကျော်ရှိပြီဖြစ်ပြီး ယင်းကာလအတွင်း ပဲခူး၊ ဧရာဝတီ၊ နေပြည်တော်၊ မန္တလေး၊ တနင်္သာရီ၊ မကွေး၊ ရခိုင်၊ မွန် စသည့် တိုင်းဒေသကြီး/ ပြည်နယ် (၈) ခုသည် တိုင်းလုံးကျွတ် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ယခု ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင် (၁၄)ခု၊ မြို့နယ်(၄၅)ခု၊ ရပ်ကွက် (၇၄၃)ခု၊ ကျေးရွာအုပ်စု (၆၂၁)အုပ်စု၊ ‌ကျေးရွာပေါင်း (၂၁၃၉)ရွာရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ထုတ်ပေးရန် (၇၁၄၈၂၁)ကတ်လျာထားရာ ယခုအခါ သတ်မှတ်ကာလအတွင်း လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်‌အောင် ထုတ်ပေးပြီးဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးသည် (၉) ခုမြောက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးစီးသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း။

 

 နိုင်ငံသား ကတ်ပြားသည် လူတစ်ဦးချင်းအတွက် လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ် လိုအပ်သည့် နိုင်ငံသားအထောက်အထားတစ်ခုဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရက ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ရရှိရေး ဆောင်ရွက်ပေးနေသကဲ့သို့ မဲစာရင်းမှန်ကန်ရေးအတွက် မိမိတို့ဝန်ကြီးဌာန၊ မြို့နယ်ရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းရှိ အချက်အလက် များကို ကွန်ပျူတာများဖြင့် ဖြည့်သွင်းကာ Online ဖြင့် နေပြည်တော်ရုံးချုပ်ရှိ Server သို့ ပေးပို့ဆောင်ရွက်သည့် လုပ်ငန်းကိုလည်း သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာန အဖွဲ့အစည်းများ၏ အကူအညီဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအချက်အလက် များနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများ၏ မြေပြင်ကွင်းဆင်းကောက်ယူသည့် အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးကာ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်လက်ဆောင်ရွက် ရမည့်အပြင် အဆိုပါ အချက် အလက်များသည် မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် e-ID စနစ် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ နိုင်ငံသားကတ် ထုတ်ပေးခြင်းလုပ်ငန်းသည် လုပ်ငန်းသဘာဝအရ ရေရှည်စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ရာ အားလုံးက ဆက်လက်၍ ဝိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက် ပေးကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုနှင့် လုပ်ငန်း လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးမှုကို ရှင်းလင်းပြောကြားသည်။  

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပန်းခင်းစီမံချက် ပြီးမြောက်အောင်မြင်အောင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြသည့် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တိုင်းအဆင့် တာဝန်ရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ပန်းခင်းစီမံချက်ကို  စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ပေးကာ ရာထူးတံဆိပ်များ တပ်ဆင်ပေးသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေး မှူးများနှင့် ဦးစီးမှူးများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဝင်းသိန်းက ပန်းခင်းစီမံချက်ပြီးမြောက်ခြင်း အထိမ်းအမှတ်တံဆိပ်ကို ပြည်ထောင်စု ဝန်ကြီးထံ ပေးအပ်သည်။

 

ယင်းနောက် တက်ရောက်လာကြသူများအား တိုင်းရင်းသားအဖွဲ့က စည်းလုံးခြင်းအတွက် သီချင်း တစ်ပုဒ်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ပြီး ခင်းကျင်းပြသထားသည့် ပန်းခင်းစီမံချက်ဆောင်ရွက်မှု မှတ်တမ်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

အခမ်းနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအ‌ဝေး ခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်နှင့် မိမိတို့ဌာနမှ ပေါင်းစပ်ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များအပေါ် ဒေသအာဏာပိုင်များအနေဖြင့် ဆက်လက်ပူးပေါင်း ပါဝင်ကူညီဆောင်ရွက် ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ သိရှိလိုသည့် မေးမြန်းချက် များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)