ရန်ကုန် ဇူလိုင် ၁၃
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွှန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ဒဂုံ မြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၂၅) ရပ်ကွက်ရှိ ပုလဲရတနာလမ်းနှင့် မြိတ်လမ်းထောင့်သို့ သွားရောက်၍ စည်ပင်သာယာ ဝန်ထမ်းများဖြင့် ရေမြောင်းများအတွင်းမှ အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှု၊ လမ်းဘေးဝဲ/ယာ မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ အရိပ်ရအပင်များ အောက်တက်ရှင်းခြင်း၊ အလင်းဖွင့်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထိုမှတဆင့် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် (၂၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်း မြောက်ဘက်အပိုင်း၌ အုတ်ရေမြောင်း တည်ဆောက်နေမှုကိုလည်းကောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နှင့် သာကေတမြို့နယ်များသို့ ဆက်သွယ်ထားသော ဧရာဝဏ်လမ်းမကြီး (နဝရတ်လမ်းမှ စစ်တောင်းလမ်းထိအပိုင်း) (၄)လမ်းသွားရရှိအောင် ဝဲ/ယာတစ်ဖက်စီ ကွန်ကရိ တိုးချဲ့ခင်းကျင်းနေမှုကိုလည်းကောင်း၊ သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက် ရှုခင်းသာမြို့ပတ် လမ်းတွင် မြောင်းဖုံး Slab တပ်ဆင်ထားသည့် အုတ်ရေမြောင်းနှင့် ဆက်စပ်၍ အတွင်းရှုခင်းသာလမ်း အုတ်ရေမြောင်း မြေထိန်းနံရံနှင့် Manhole ပါ မြောင်းဖုံး Slab တည်ဆောက်နေမှု၊ အုတ်တံတိုင်းနှင့် အုတ်ရေမြောင်းအကြား မြေယာရှုခင်းဆောင်ရွက်ရန်နှင့် အုတ်ရေမြောင်းနှင့် အတွင်းရှုခင်းသာ လမ်းအကြား လမ်းသားတိုးချဲ့ ကွန်ကရိခင်းကျင်းရန် မြေညှိပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)