ဝါးခယ်မ  ဇူလိုင်  ၁၃

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဦးဆောင်၍  အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ဝါးခယ်မ) မှ စက်မှုလယ်ယာ နည်းပညာသင်တန်း ကျောင်းသား၊ ကျောင်းသူများအား KUBOTA ကောက်စိုက်စက် (၆-တန်းသွား)ဖြင့် စပါးစိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြပွဲကို ယနေ့ ညနေ ၃ နာရီခွဲက ကြာဖြူကျေးရွာအုပ်စု၊ သဲကုန်းကျေရွာရှိ တောင်သူ ဦးရွှေပွား၏ လယ်ယာမြေတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ တိုင်းစက်မှုလယ်ယာဦးစီးဌာနမှူး ဦးလှထွန်း၊ ခရိုင်စက်မှုလယ်ယာ ဦးစီးဌာနမှူး ဦးမျိုးမြင့်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုလယ်ယာနည်းပညာသင်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြပြီး စက်မှုလယ်ယာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစည်သူကျော်က ကျောင်းသူ၊ ကျောင်းသားများ၊ တောင်သူ လယ်သမားများအား   ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရခြင်း၏ အကျိုးကျေးဇူးများ၊ စက်မှုပိုင်းဆိုင်ရာ အချက်အလက်များကိူ ရှင်းလင်းပြောကြားပေးခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ မောင်းနှင်ပြသပေးခဲ့ကြောင်း သိရသည်။

 

ယင်းသို့  (၆)တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ ကုန်ကျမှုနည်းပါးခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာ လိုအပ်ခြင်း၊ ပျိုးပင်များ ပြုပြင်ထိန်းသိမ်းမှု လွယ်ကူစိတ်ချရခြင်း၊ ပျိုးပင်များနှုတ်ယူရန်မလိုခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ကောက်စိုက်ရာတွင် လူအင်အားအသုံးပြုမှုနည်းပါးခြင်းနှင့် သက်တောင့်သက်သာ စိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမြန်ခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ အောက်ပင်လှန်ရန် စောင့်ဆိုင်းရန်မလိုခြင်း၊ ပျိုးပင်ပွားမှုနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်း၊  ကောက်စိုက် စက်ဖြင့်စိုက်ပျိုးထားသည့် စပါးခင်းအား ရိတ်စက်၊ ရိတ်သိမ်း‌ခြေွ လှေ့စက်များဖြင့် အလွယ်ကူ ရိတ်သိမ်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)