နေပြည်တော်၊ ဇူလိုင် ၁၃

 

သီရိလင်္ကာနိုင်ငံသို့ ဆန်လှူဒါန်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀  နာရီခွဲတွင် Virtual စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် လှူဒါန်းမှုကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် က လက်ရှိအချိန်၌ သီရိလင်္ကာနိုင်ငံတွင် စီးပွားရေးအကြပ်အတည်းများနှင့် ကြုံတွေ့နေရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လူသားချင်း စာနာထောက်ထား သောအားဖြင့် နိုင်ငံတော်ရံပုံငွေဖြင့် ဆန်တန်ချိန် (၁၀၀၀)လှူဒါန်းနိုင်ရေး လှူဒါန်းမှု ကြီးကြပ်ရေးအဖွဲ့က စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လှူဒါန်းမှုလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် ယနေ့တက်ရောက် လာကြသည့် ဝန်ကြီးဌာနများအနေဖြင့် လှူဒါန်းမည့် ဆန်အမျိုးအစား၊  ဝယ်ယူစုဆောင်း မည့်အစီအစဉ်၊ ကွန်တိန်နာ ငှားရမ်းမှု၊ ပေးပို့လှူဒါန်းမည့်ကာလ၊ ကုန်ကျစရိတ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးပေးစေလိုပါကြောင်း၊ လှူဒါန်းမှုလုပ်ငန်း စဉ်များ အဆင်ပြေ ချောမွေ့စေရေးတို့အတွက် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌတို့က သီရိလင်္ကာနိုင်ငံသို့ ဆန်လှူဒါန်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ ကြပြီး တင်ပြချက်များ အပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

 

အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်း ဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

(သတင်းစဉ်)