ဇူလိုင် ၁၄

 

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ ၁၀၃၀၀၀ ကျော်ရှိလာပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် ၃၇ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။

 

ထိုဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းရှိသက်ဆိုင်ရာအာဏာပိုင်များနှင့်ဒေသခံများအား သန့်ရှင်းရေးလုပ်ငန်းများလုပ်ဆောင် ကြရန်နှင့် ခြင်ပေါများရာဒေသများတွင် သီတင်းပတ်တစ်ပတ်လျှင် တစ်ကြိမ် ခြင်ဆေးဖျန်းခြင်းတို့လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 

ယခုနှစ်ပထမခြောက်လအတွင်း ဗီယက်နမ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ ၈၉၁၂၀ ဦးရှိရာ ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၁ ဒသမ ၅ ဆ ပိုမိုမြင့်မားခဲ့သည်။ 

 

ဇန်နဝါရီမှဇွန်လအတွင်း ယင်းရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၃၄ ဦးရှိသည်ဟု သိရသည်။

 

နိုင်ငံတောင်ပိုင်း ဟိုချီမင်းမြို့သည် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုဗဟိုချက်ဖြစ်ပြီး ထိုမြို့တွင်ရောဂါကူးစက်ခံရသူ ၂၅၀၀၀ နီးပါးရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၂ ဦး သေဆုံးခဲ့ပြီး ရောဂါကူးစက်ခံရသူဦးရေသည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃ ဒသမ ၅ ဆ ပိုမိုမြင့်မားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို