မြစ်ကြီးနား ဇူလိုင် ၁၅
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ဘက်စုံပညာကိုရည် ဒို့လှမ်းချီ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားပြီး ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ဘာသာရပ်အလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရ ထူးချွန်ကျောင်းသား ကျောင်းသူ ၁၀ ဦး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးက ငါးဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင်ဦးတူးဂျာနှင့် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းတို့က လေးဘာသာဂုဏ်ထူးရှင် ၃၆ ဦး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တပ်မတော်အရာရှိကြီးများက သုံးဘာသာဂုဏ်ထူးရှင် ၂၅၇ ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တပ်မတော်အရာရှိကြီးများက တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်အဆင့် အောင်ချက်အကောင်းဆုံးဆုရ မြို့နယ်များနှင့် ကျောင်းဆုများ၊ ဂုဏ်ထူးအများဆုံးရ ကျောင်းဆု၊ အောင်ချက်အကောင်းဆုံး ကိုယ်ပိုင်ကျောင်းဆုများနှင့် ဘာသာရပ်အလိုက် ဂုဏ်ထူးအများဆုံး ရရှိအောင် သင်ကြားပေးခဲ့သော ဆရာ ဆရာမ ရှစ်ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ကြရာ ထူးချွန်ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား ကျောင်းသူများက ပညာပြည့်ဝ နှလုံးလှ တေးသီးချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စာစစ်ဌာန ၄၈ ခု ဖွင့်လှစ်ခဲ့ပြီး ဝင်ရောက်ဖြေဆိုသူ ၁၁၄၈၃ ဦးအနက် အောင်မြင်သူ ၅၃၂၅ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်း ၄၆ ဒသမ ၃၇ ရာခိုင်နှုန်းရရှိခဲ့သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့်(၆)ရရှိခဲ့ကြောင်း၊ ငါးဘာသာ ဂုဏ်ထူးရှင် ၁၄ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၃၆ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂၅၇ ဦး၊ နှစ်ဘာသာ ဂုဏ်ထူး ရှင် ၃၅၇ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၁၅၈၀ စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၂၂၄၄ ဦးရှိကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် ဂုဏ်ထူးရရှိသူ ဦးရေသည် ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရ ဦးရေထက် ၂၂၃ ဦး တိုးတက်လာကြောင်း ပြည်နယ်ပညာရေးဌာနမှ သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)