ရန်ကုန်         ဇူလိုင်      ၁၅

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိသည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ PDF အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက “အလင်းဝင်ရောက် လာသူများ၏ မိဘများသည် နီးစပ်ရာ သက်ဆိုင်သူများကိုပြောပြပြီး ထပ်မံစည်းရုံးပေးကြရန် လိုအပ်ကြောင်းနှင့် အလင်းဝင်ရောက်လာသူများသည် နောက်ပိုင်းကာလမှာ ကောင်းမွန်စွာ နေထိုင်ကာ နိုင်ငံ အကျိုးပြုသူများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားရန်” ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေက အသိပညာပေးစကား ပြောကြားသည်။

 

ယင်းနောက် ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော ရန်ကုန်တိုင်း ဒေသကြီးမှ PDF အဖွဲ့ဝင် အမျိုးသား ခုနစ်ဦးအား ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်တစ်ဦး၏ ဖခင်ဖြစ်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)