နေပြည်တော်         ဇူလိုင်       ၁၅

 

နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများအား လုပ်ငန်းရှင်များသို့ တွေ့ဆုံရှင်းလင်းခြင်းကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အမှာစကား ပြောကြားပြီး နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန်က Agro-Industry လုပ်ငန်းများ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေက တိရစ္ဆာန်ထွက်ပစ္စည်း တန်းဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်က စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဟိန်းဇော်က ဦးစီးဌာန၏ လုပ်ငန်းဆောင် ရွက်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှုစနစ် (DICA Online Solution-DOSO) ၏ သရုပ်ဖော် Video Clip၊ အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် Myanmar Company Online (MyCO) ၏ Video Clip တို့အား ပြသပြီး နေပြည်တော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးနှင့် စီးပွားရေးဝန်းကျင်ကောင်း ဖန်တီးပုံဖော်ရေး ဆောင်ရွက်ချက်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် လုပ်ငန်းရှင်များကိုယ်စား လုပ်ငန်းရှင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက “နေပြည်တော်အတွင်း စီးပွားရေးဝန်းကျင်ကောင်းအဖြစ် ဖန်တီးပေးနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခွင့်ပြုနိုင်ရေးနှင့် လွယ်ကူချောမွေ့မှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့်အပြင် နေပြည်တော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် စံပြမြို့တော် ဖြစ်စေရေးအတွက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် သိရှိလာသည့် အသိပညာများ၊ အခွင့်အလမ်းများကို မိမိရရဆုပ်ကိုင်ပြီး မိမိတို့၏ လုပ်ငန်းနယ်ပယ်နှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအကြား အချိတ်အဆက်မိမိ အကျိုးရှိရှိ အပြည့်အဝအသုံးချခြင်းအားဖြင့် နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေး ၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ တစ်တပ်တစ်အား ပါဝင်ကြိုးပမ်း ဆောင်ရွက်ပေးစေလိုကြောင်း” တိုက်တွန်းပြောကြားပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)