ရန်ကုန် ဇူလိုင် ၁၅
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၉၈) သင်တန်းဆင်းပွဲကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက “ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်ရေးရာ၊ ခံယူချက်များ မှန်ကန်မြင့်မားလာစေရန်နှင့် စည်းကမ်းလိုက်နာမှု အားကောင်းလာစေရန် ရည်ရွယ်၍ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အရ ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းမှ လေ့ကျင့်ပေးသည့် အဖွဲ့အစည်းစိတ်ဓာတ်၊ အသင်းအဖွဲ့စိတ်ဓာတ်များကို ကျောင်းသား ကျောင်းသူများအား ပြန်လည်လေ့ကျင့်ပေးရမည် ဖြစ်ကြောင်း၊ ပညာသင်ယူခြင်းသည် မွေးစမှသေသည်အထိဖြစ်၍ ဆရာ ဆရာမများ အနေဖြင့် စဉ်ဆက်မပြတ် သင်ယူနေရမည် ဖြစ်ကြောင်း၊ ဘက်စုံထူးချွန်ထက်မြက်သည့် ဆရာများဖြစ်စေရေး မိမိတို့၏ အရည်အသွေး အစဉ်တိုးတက်အောင် ဆောင်ရွက်ရန်နှင့် အများအကျိုး သယ်ပိုးနိုင်သူဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် သင်တန်းထူးချွန်ဆု ရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။ အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၉၈)သို့ သင်တန်းသား ၅၀၊ သင်တန်းသူ ၄၃၁ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇွန် ၁၃ ရက်မှ ဇူလိုင် ၁၅ ရက်အထိ ရက်သတ္တ ငါးပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်သည် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)ရှိ တက္ကသိုလ်ပိုင် ရေနောက်အင်းကန်အတွင်းသို့ ငါးမြစ်ချင်းသားပေါက် ကောင်ရေ ၅၀၀၀ နှင့် ငါးတန်သားပေါက် ကောင်ရေ ၅၀၀၀ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်