ညောင်ဦး ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု ၊ ညောင်တိုတဲတိုက်တွင် ဒေသခံကျေးလက်နေ ပြည်သူများ နှစ်စဉ် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရကြောင်း သိရ၍ ရန်ကုန်မြို့မှ အလှူရှင် ဦးချန်ထွန်း - ဒေါ်တင်အေး မိသားစုက သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေဂါလန် ၄၅၀၀ ဆံ့ ရေလှောင်အုတ်ရေကန်တစ်လုံးကို လှူဒါန်းခဲ့ရာ ဇူလိုင် ၁၆ ရက်မှစပြီး ဆောက်လုပ်လျက်ရှိကြောင်း အဆိုပါ ညောင်တိုတဲတိုက်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။
ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု ၊ ညောင်တိုတဲတိုက်သည် အိမ်ခြေ ၃၈ အိမ် ၊ လူဦးရေ ၁၅၀ ကျော် နေထိုင်လျက်ရှိပြီး ဒေသခံကျေးလက်နေပြည်သူများမှာ စက်ရေတွင်းနှင့် မိုးရေလှောင်ကန်မရှိသည့်အတွက် နှစ်စဉ် သောက်သုံးရေ အခက်ကြုံတွေ့နေရလေ့ရှိပြီး သောက်သုံးရေအတွက် စက်ရေတွင်းရှိသည့်ကျေးရွာများသို့ သွားရောက် ဝယ်ယူသုံးစွဲနေရ၍ သောက်သုံးရေအခက်ကြုံနေကြောင်း သိရသဖြင့် အလှူရှင် ရန်ကုန်မြို့မှ ဦးချန်ထွန်း - ဒေါ်တင်အေး မိသားစုက ညောင်တိုတဲတိုက်ရှိ ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစေရေးအတွက် ငွေကျပ် ၁၉ သိန်းခွဲ အကုန်အကျခံ၍ ရေဂါလန် ၄၅၀၀ ဆံ့ အုတ်ရေကန်အား ဆောက်လုပ်လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အုတ်ရေကန် ဆောက်လုပ်လှူဒါန်းရာတွင် အလှူရှင်မိသားစုကိုယ်စား ညောင်ဦးမြို့နယ် အေးမေတ္တာ ပရဟိတရေလှူအဖွဲ့မှ ဦးဝင်းမင်းထွန်း ဦးဆောင်သော ပရဟိတအသင်းသားများက ဇူလိုင် ၁၆ ရက်နေ့က စတင်၍ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ၄၀ ရာခိုင်နှုန်းခန့် လုပ်ငန်းပြီးစီးပြီးကြောင်း ၊ ယင်း အုတ်ရေကန်အား ရေရှည်တည်တံ့စေရေးအတွက် ရေကန်အမိုးမိုးခြင်းလုပ်ငန်းနှင့် မိုးရေစုဆောင်းနိုင်ရေးအတွက် ရေတစ်လျှောက်ပါ ထည့်သွင်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ပရဟိတအဖွဲ့မှ ဦးဝင်းမင်းထွန်း က ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )