နေပြည်တော် ဇူလိုင်၁၈ 

နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပေး လုပ်ငန်းဆောင်ရွက်ရေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ virtual စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ဝန်ကြီးဌာနအနေဖြင့် အချိန်တိုအတွင်း ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရရှိနိုင်သည့် Quick Win Programme  လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီဌာန (၃) ခုပူးပေါင်း၍ ယခုကဲ့သို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ဤအစီအစဉ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်းတွင် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင်ရှိသည့် အခြေခံပညာကျောင်းများရှိ ဆဋ္ဌမတန်းမှ ဒသမတန်းအထိ ကျောင်းသား ကျောင်းသူများကို ဝန်ကြီးဌာနအနေဖြင့် တာဝန်ယူ ဆောင်ရွက် ပေးသည့် လုပ်ငန်းများထဲမှ သိသင့်သည်များကို အသိပညာပေးဆွေးနွေး ဟောပြောပွဲများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

ကလေးများ အသိပညာပေးရာတွင် ၎င်းတို့ လက်လှမ်းမီရရှိနိုင်မည့် အသိပညာဖြစ်သည့် ခေါင်းစဉ်များကို ဟောပြောဆွေးနွေးသွားမည်ဖြစ်ပြီး ကလေးသူငယ် အခွင့်အရေးများကို ကိုယ်တိုင်သိရှိ နားလည်စေနိုင်ရန်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့် အန္တရာယ်များ သိရှိနားလည်စေရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိအမြင်များနှင့်  မိုင်းအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီး ကလေးများမှတဆင့် မိသားစုနှင့် ရပ်ရွာအတွင်းတွင် အသိပညာပေး ဖြန့်ဝေသွားစေရန်နှင့် လူမှုပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်ရာတွင်လည်း အထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း၊ အထူးသဖြင့် အလယ်တန်း၊ အထက်တန်းကလေးများ အနေဖြင့် လွယ်ကူစွာသိမြင် မှတ်သားဆောင်ရွက်နိုင်သည့် အရွယ်ဖြစ်ခြင်းကြောင့် အတန်းပညာများကို သင်ယူမှုပြုခြင်းမှ ပတ်ဝန်းကျင်မှာ တွေ့ရမည့်စိန်ခေါ်မှုများ၊ အတားအဆီး အဟန့်အတားများကို ကြိုတင်သတိပြုနိုင်မည့် ကောင်းကျိုးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ သဘောသဘာဝကို နားလည်ပြီး ကလေးသူငယ်များအတွက် အကောင်းဆုံးမှတ်သား နားလည်စေနိုင်မည့် နည်းလမ်းများ ကိုအသုံးပြုပြီး ဆွေးနွေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့က အမှာစကားပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်တိုင်းဒေသကြီးများရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ Online ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်