၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် တိုင်းရင်းသားပြည်သူအားလုံး မမေ့နိုင်သည့် အာဇာနည်နေ့ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်များ ကျဆုံးခဲ့သည်မှာ ၇၅ နှစ်တိုင်ရှိပြီဖြစ်သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ်စွန့်စား ကြိုးပမ်းအားထုတ်မှုများနှင့် ကျေးဇူးများကို ယနေ့ထိတိုင်သာမက ကမ္ဘာတည်သရွေ့ မေ့နိုင်လိမ့်မည် မဟုတ်ပေ။
မြန်မာနိုင်ငံသည် ဗြိတိသျှနယ်ချဲ့လက်အောက်တွင် နှစ်ပေါင်းတစ်ရာကျော် အခြယ်လှယ်ခံ၊ အဖိနှိပ်ခံဘဝဖြင့် နေခဲ့ရသည်။ သူ့ကျွန်မခံလိုသော မြန်မာမျိုးချစ် တိုင်းရင်းသားပြည်သူ အပေါင်းတို့သည် အသက်သွေးချွေးရင်းနှီးပေးဆပ်ကာ နည်းမျိုးစုံဖြင့် တော်လှန်ခဲ့ကြသည်။ ယင်းမျိုးချစ်အပေါင်းတို့တွင် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှ မြန်မာတစ်မျိုးသားလုံးကို စုရုံးပြီး သူမတူအောင် ပြောင်မြောက်စွာ စွန့်စားတွန်းလှန်ခဲ့သော ခေါင်းဆောင်တစ်ဦးမှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် တစ်တိုင်းပြည်လုံးကို စည်းလုံး ကာ လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ချူနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေးရရှိရန် လက်တစ်ကမ်းအလိုတွင် မသမာသူလက်ချက်ဖြင့် ရေတိမ်နစ်ခဲ့ရသဖြင့် ပြည်သူအားလုံး နှမြောတသ ဖြစ်ကြရသည်။
သို့သော် ကျွန်ုပ်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့သည် လွမ်းဆွတ်နေရုံမျှဖြင့်၊ သတိရနေရုံမျှဖြင့် မပြီးသေးပေ။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် လူ့ဘောင်လောကသစ်ကို တည်ဆောက်နိုင်မှသာလျှင် အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြုရာ၊ အောက်မေ့သတိရရာ၊ သစ္စာစောင့်သိရာ၊ ကျေးဇူးဆပ်ရာရောက်ပေလိမ့်မည်။ ထို့ကြောင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လမ်းညွှန်မှာကြားချက်များနှင့် ကိုက်ညီသည့် နိုင်ငံတော် ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ကြိုးပမ်းအားထုတ်ခဲ့သော စည်းလုံးညီညွတ်မှုကို မပျက်ပြားအောင် ထိန်းသိမ်းစောင့်ရှောက် ကြရမည်ဖြစ်သည်။ အသက်ပေး၍ ရယူပေးခဲ့သော လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံတော်အဖြစ် နှစ်ပေါင်း ၇၀ ကျော် ရပ်တည်နေသော်လည်း စည်းလုံးညီညွတ်ရေးအားနည်းမှု၊ အယူဝါဒနှင့် ခံယူချက်များ လွဲမှားမှု၊ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု၊ နားလည်မှု အားနည်းမှု၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ ကြီးမားမှုများကြောင့် ခါးသီးသောဖြစ်ရပ်များကို ကြုံတွေ့ခံစားနေကြရဆဲဖြစ်သည်။ သို့ဆိုပါလျှင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မှာကြားချက်များကို လိုက်နာမှု ပျက်ကွက်နေခြင်းဖြစ်ပြီး ကျေးဇူးဆပ်ရာလည်း မရောက်နေသည်ကို သတိမူရမည်ဖြစ်သည်။ စည်းလုံးညီညွတ်မှု လျော့နည်းပြီး အချင်းချင်းမညီညွတ်ကြသဖြင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကြောင့် နိုင်ငံနှင့်ပြည်သူအားလုံး ထိခိုက်နစ်နာမှုများဖြစ်နေကြရသည်ကို သတိချပ်ရမည်ဖြစ်သည်။
ထို့ကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား လေးစား တန်ဖိုးထားသော အားဖြင့်လည်းကောင်း၊ ချစ်ခင်မြတ်နိုး သတိရသောအားဖြင့် လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ မှာကြားချက်များကို တတ်နိုင်သမျှ လိုက်နာဆောင်ရွက်သင့်ပါသည်။ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုတည်ဆောက်၍ စည်းလုံး ညီညွတ်မှု တည်ဆောက်ကြရပါမည်။ တစ်တိုင်းပြည်လုံး တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက် ရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး မျှော်မှန်းဆောင်ရွက်နေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာအောင် ဦးစွာ ငြိမ်းချမ်းရေးကိုရယူကြရမည် ဖြစ်သည်။ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းသာယာဝပြောခြင်း၊ ကြီးပွားချမ်းသာခြင်းသည် ကောင်းသောမင်္ဂလာရှိသည့် ကောင်းသောအမှုများဖြစ်၍ စိတ်ကောင်းနှလုံး ကောင်းသွင်းပြီး လက်တွဲ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ညီညွတ်ခြင်းသည် ကောင်းကျိုးများကို ဆောင်ကြဉ်းပေးစေနိုင်ပြီး မညီညွတ်ခြင်းသည် ပြိုကွဲပျက်စီးခြင်းသို့ရောက်ရှိကာ တိုင်းပြည်နှင့်လူမျိုးများအားလုံးသာ ထိခိုက်နစ်နာဆုံးရှုံးစေပါသည်။ မြန်မာနိုင်ငံ သမိုင်းကြောင်းကိုကြည့်လျှင် လွတ်လပ်ရေးရပြီးကတည်းက မညီညွတ်မှုများနှင့် မငြိမ်းချမ်းသောအဖြစ်များကို ကြုံတွေ့နေရဆဲဖြစ်သည်။ မညီညွတ်လျှင် ထိခိုက်နစ်နာကြရသူများမှာ ပြည်သူ အချင်းချင်းဖြစ်ပြီး ဝမ်းမြောက်နေကြသူများမှာ မည်သူတို့ဖြစ်နေသည်ကို ခန့်မှန်း ကြည့်နိုင်ပါသည်။ ထိုအခါ နိုင်ငံသည် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားထားသကဲ့သို့ လွတ်လပ်ပင် လွတ်လပ်သော်ငြားလည်း လွတ်လပ်ရေးအသီးအပွင့်များကို မခံစား ရသည့်ဘဝ၊ သူတစ်ပါးလက်ဝေခံ ဘဝ၊ သူတစ်ပါးကို မျက်နှာချိုသွေးနေရသည့် ဘဝဖြင့် သူတစ်ပါးနိုင်ငံနောက် အောက်ကျနောက်ကျ ဖြစ်နေပေလိမ့်မည်။
သို့ဖြစ်ရာ (၇၅) နှစ်မြောက် အာဇာနည်နေ့အချိန်ကာလတွင် အာဇာနည် ခေါင်းဆောင်ကြီးများအား ကျေးဇူးဆပ်သောအားဖြင့်၊ လေးစားတန်ဖိုးထားသောအားဖြင့်၊ သတိရသောအားဖြင့် နိုင်ငံထူထောင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အမုန်းတရားများ၊ အာဃာတတရားများဖယ်ရှား၍ ပြည်သူအားလုံး စည်းလုံး ညီညွတ်မှုဖြင့် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ