ဇူလိုင် ၂၀
မျက်မှောက်ခေတ် အိုင်တီနည်းပညာခေတ်ကာလတွင် အများပြည်သူတို့ အနေဖြင့် ဆိုရှယ်မီဒီယာများကိုသာ များသောအားဖြင့် အသုံးပြုဆောင်ရွက် နေကြသည်။ မှန်ကန်သော အသိအမြင်ဗဟုသုတ သတင်းအချက်အလက်များနှင့် ဘဝအမောပြေ လူမှုဆက်ဆံရေးနယ်ပယ်တို့အတွက် အသုံးပြုကြရာ၌ ကောင်းကျိုး ဆောင်ကြဉ်းပေးသော်လည်း လူမှုကွန်ရက်ကိုအသုံးပြု၍ မမှန်ကန်သော လုပ်ဆောင်မှုများ၊ တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွား ယုတ်လျော့ပျက်ယွင်းစေသော လုပ်ဆောင်မှုများကိုလည်း သတိပြုကြရမည်ဖြစ်သည်။
ယခုအခါ လူမှုကွန်ရက်ပေါ်မှ တရားမဝင်မီဒီယာများနှင့် မသမာသူအဖျက် သမားများက မမှန်ကန်သော သတင်းများ၊ ပုံကြီးချဲ့ကားထားသော သတင်းအချက် အလက်များ၊ အများပြည်သူထင်ယောင်ထင်မှားဖြစ်စေသော သတင်းအမှားများ၊ သွေးထိုးလှုံ့ဆော်မှုများအား တစိုက်မတ်မတ်ပြုလုပ်လျက်ရှိရာ ပြည်သူများ အနေဖြင့် စိုးရိမ်ပူပန်မှုနှင့် ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်ကြသည်ကို တွေ့ရသည်။ ယင်းသို့ ပြုလုပ်နေမှုများအနက် လွန်ခဲ့သည့်ရက်ပိုင်းက NUG အကြမ်းဖက်အဖွဲ့က အွန်လိုင်းပေါ်မှ စာသင်မည်ပြောဆိုပြီး ပြည်တွင်း၌ Kaung For You ကျောင်းဖွင့်လှစ် ကာ မမှန်မကန်ဆောင်ရွက်မှုများကို ထုတ်ဖော်ဖမ်းဆီးရမိခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မသမာသူအချို့က အွန်လိုင်းပေါ်မှနေ၍ ၎င်းကျောင်းနှင့်ပတ်သက် ခဲ့သူများအား ထွက်ပြေးတိမ်းရှောင်ကြရန် ခြောက်လှန့်လုပ်ဆောင်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်နှင့် ပြည်သူတို့၏ အနာဂတ်အတွက် ပညာရေးကို မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိသည်။ အခက်အခဲများကြားမှ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားမှုလိုအပ်ချက်ကိစ္စအဝဝကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ သည်။ ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေး၊ အခမဲ့ပညာရေးကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုစာသင်နှစ်တွင် ပညာသင်ကြားမှု ရာခိုင်နှုန်းပြည့် နီးပါး ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယင်းအချိန်တွင် NUG အကြမ်းဖက်အဖွဲ့က ပြည်တွင်း၌ PDF အမည်ခံအကြမ်းဖက်သမားများကို မြှောက်ပင့်ထောက်ပံ့ပေးပြီး ဆရာ ဆရာမများနှင့် စာသင်ကျောင်းများကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ယမန်နှစ် ပညာသင်နှစ်ကလည်း ကျောင်းများပြန်လည်ဖွင့်လှစ်ပေးခဲ့သည် ကို အမျိုးမျိုးအဖုံဖုံနှောင့်ယှက်ခဲ့ကြပြီး မသမာသူအချို့က အွန်လိုင်းပေါ်မှတစ်ဆင့် သွေးထိုးလှုံ့ဆော် ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည်။ စစ်ကျွန်ပညာရေး ကျောင်းမတက်ရေး၊ ပညာမသင်ပေးရေးပြုလုပ်ကာ ဆရာ ဆရာမများနှင့် လူငယ် လူရွယ်များ လမ်းမှားပေါ်သို့ရောက်အောင် ပြုလုပ်ခဲ့ကြသည်။ မြန်မာ့နိုင်ငံရေးသမိုင်း တွင် နိုင်ငံရေးကိုအကြောင်းပြု၍ ပြည်သူများ လမ်းမှားပေါ်သို့ရောက်ရှိသွားခဲ့သည့် သမိုင်းကြောင်းများရှိသည်။ မျက်မှောက်ကာလတွင်လည်း နိုင်ငံရေးပြောင်းလဲမှုကို အကြောင်းပြု၍ အွန်လိုင်းပေါ်မှ သွေးထိုးလှုံ့ဆော်မှုများကြောင့် လူငယ်လူရွယ်များ နှင့် ဆရာ ဆရာမများ လမ်းမှားပေါ်သို့ရောက်ရှိခဲ့ကြပြီး ဆင်းရဲဒုက္ခအခက်အခဲ များနှင့် ကြုံတွေ့နေကြရသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရက လူငယ်လူရွယ်များအနာဂတ်နှင့် ပညာရေးကို ထိခိုက်မှုမရှိစေရေးအတွက် ပြစ်မှုကျူးလွန်ခြင်းမရှိသူများအား ပြန်လည်ဖိတ်ခေါ် ကြိုဆိုလက်ခံခဲ့ကြသည်။ ယခုအခါ CDM ဆရာ ဆရာမ အမြောက်အမြားကို ပြန်လည်လက်ခံပေးခဲ့ပြီး PDF အဖွဲ့သို့ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော လူငယ်လူရွယ် ၂၀၀ ကျော်ကိုလည်း ဥပဒေဘောင်အတွင်း ပြန်လည်ခိုလှုံခွင့်ပေးခဲ့ သည်။ ယခုအခါ မမှန်မကန် တရားမဝင်ဆောင်ရွက်ခဲ့သည့် Kaung For You အွန်လိုင်းကျောင်းနှင့်ပတ်သက်၍ ယခုရက်ပိုင်းတွင် ပြည်သူများအား လမ်းမှား ရောက်အောင် နိုင်ငံရေးအမြတ်ထုတ် အသုံးချလာကြသည်ကို တွေ့ရသည်။ အွန်လိုင်းပေါ်မှ သွေးထိုးလှုံ့ဆော်မှုများနှင့်အတူ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ များနှင့် EAO အချို့က တရားမဝင်ကျောင်းနှင့် ပတ်သက်ခဲ့ကြသူများအား ၎င်းတို့ ထံသို့ လာရောက်ကြရန် ကမ်းလှမ်းနေမှုများမှာ အလွန်အန္တရာယ်ကြီးမားသည်ကို သတိပြုကြရမည်ဖြစ်သည်။
အဆိုပါ တရားမဝင်ကျောင်းနှင့်ပတ်သက်၍ အဆိုပါဖြစ်စဉ်တွင် ပါဝင် ပတ်သက်ခဲ့ကြသူများ၊ ဦးစီးဦးဆောင်ပြုလုပ်ခဲ့ကြသူများနှင့် ထိုဖြစ်စဉ်တွင် လူငယ်များအား လမ်းမှားရောက်အောင် တွန်းပို့ပေးနေကြသူများမှလွဲ၍ သွေးဆောင်ဖြားယောင်းခံရသည့် မိဘများနှင့် ကျောင်းသား ကျောင်းသူများအား အရေးယူရန်မရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က အတိအလင်း ပြောကြားထားသည်။ သို့ဖြစ်ရာ ပြည်သူများ အနေဖြင့် မသမာသူများ၏ လှည့်ဖြားမှုကို နားမယောင်ဘဲ နိုင်ငံနှင့်ပြည်သူများ၏ အနာဂတ်ထိခိုက်ပျက်စီးစေရန် နည်းအမျိုးမျိုးအဖုံဖုံ ပြုလုပ်နေသည့် အန္တရာယ် များကို သတိပြုကြရန်လိုပြီး ကျောင်းသားလူငယ်များနှင့် မိဘပြည်သူများအနေဖြင့် ပညာရေးကို နည်းမှန်လမ်းမှန်ဆောင်ရွက်ခြင်းဖြင့် မိမိတို့အနာဂတ်ခရီးလမ်း ဖြောင့်တန်းအောင် ဆောင်ရွက်ကြစေလိုပါကြောင်း။ ။
ကြေးမုံ