ဇူလိုင် ၂၁
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း မိုးလေ၀သအခြေအနေ အကျဉ်းချုပ်နှင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (တတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်နိုင်သော စိုက်ပျိုးရေးဆိုင်ရာ (ပျှမ်းမျ)မိုးလေဝသ အချက်အလက်ခန့်မှန်းချက်များ-
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (ဒုတိယ) ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေများ ပေါ်မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သအချက်အလက်များအကျဉ်းချုပ်ကို အောက်ပါ အတိုင်းဆန်းစစ် ဖေါ်ပြအပ်ပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ဇူလိုင်လ (ပထမ)ဆယ်ရက်ပတ်အတွင်း အိန္ဒိယနိုင်ငံ ဩရိဿတောင်ပိုင်းကမ်းခြေ-အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် (၁၈.၇.၂၀၂၂)ရက်နေ့တွင် အိန္ဒိယနိုင်ငံကုန်တွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီးဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းခဲ့ပါသည်။
မိုးရွာသွန်းမှုအခြေအနေ
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်း ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ဇူလိုင်လ(ဒုတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန် ခန့်သာရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဇူလိုင်လ(ဒုတိယ) ၁၀ ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့ထက် ပိုခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇူလိုင်လ(ဒုတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက်လျော့ နည်းခဲ့ပါသည်။
မိုးရွာရက်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး(မင်္ဂလာဒုံ)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၉)ရက်မှ (၁၀)ရက်၊ မန္တလေးတိုင်း ဒေသကြီး (မိုးကုတ်မြို့)၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ကချင်ပြည်နယ်(ဗန်းမော်မြို့)၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်(၇)ရက်မှ (၈)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း(ကန့်ဘလူမြို့)၊ မကွေးတိုင်းဒေသကြီး(အောင်လံမြို့)၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် (၅)ရက်မှ (၆)ရက်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် (၄)ရက်နှင့် ကယားပြည်နယ်တွင် (၂)ရက် မိုးထစ်ချုန်း ရွာသွန်းခဲ့ပါသည်။
အမြင့်ဆုံးအပူချိန်အခြေအနေ
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ ကချင် ပြည်နယ်တွင် ဇူလိုင်လ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်ထက် (၈)ဒီဂရီဖာရင်ဟိုက်၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် (၅)ဒီဂရီဖာရင်ဟိုက်စီ၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃)ဒီဂရီဖာရင်ဟိုက်မှ (၄)ဒီဂရီဖာရင်ဟိုက်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်း ပြည်နယ်တောင်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိ ပိုခဲ့ပါသည်။
အနိမ့်ဆုံးအပူချိန်အခြေအနေ
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း (ညအပူချိန်) အခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ဇူလိုင်လ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် ဇူလိုင်လ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှ အနိမ့်ဆုံးအပူချိန်တို့ထက် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိ ပိုခဲ့ကာ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဇူလိုင်လ (ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန် တို့အောက် (၆)ဒီဂရီဖာရင်ဟိုက်မှ (၇)ဒီဂရီဖာရင်ဟိုက်အထိ၊ ချင်းပြည်နယ်တွင် (၃)ဒီဂရီဖာရင်ဟိုက်နှင့် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက် အထိ လျော့နည်းခဲ့ပါသည်။
လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း (လေထုစိုထိုင်းဆ) အခြေအနေများမှာ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်(၆၆%)မှ (၇၆%) အတွင်း၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၇၇%)မှ (၈၆%)အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၈၇%) မှ (၉၆%) အတွင်း အသီးသီးရှိခဲ့ပါသည်။
ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေများမှာ- တနင်္သာရီတိုင်းဒေသကြီးတွင် (၁၈ မီလီမီတာ)၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်းနှင့်တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၃ မီလီမီတာ)မှ (၃၃ မီလီမီတာ)အတွင်း၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် (၃၄ မီလီမီတာ)မှ (၄၃ မီလီမီတာ)အတွင်းနှင့် စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၄၄ မီလီမီတာ)မှ (၅၃ မီလီမီတာ) အတွင်း အသီးသီးရှိခဲ့ပါသည်။
(ဖြစ်နိုင်စွမ်းပင်ငွေ့ရေငွေ့ပျံနှုန်းအား HARGREAVES METHODဖြင့် တွက်ချက်ထားပါသည်။)
မြေဆီလွှာအောင်းရေအခြေအနေ
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်(ပြည့်ဝ) အခြေအနေ၊ ကယားပြည်နယ်တွင် (စိုစွတ်)အခြေအနေ နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (ခြောက်သွေ့) အခြေအနေ အသီးသီးရှိခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (တတိယ) (၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် အားအသင့်အတင့် ရှိနိုင်ပါသည်။
မိုးအခြေအနေ
မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။
မိုးရွာရက်
မိုးရွာရက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇)ရက်မှ (၁၀)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင်(၄)ရက်မှ (၆)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန