နေပြည်တော်        ဇူလိုင်       ၂၁

 

နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (/၂၀၂၂)ကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများအရ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရကခွင့်ပြုသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများ လျှောက်ထားလာပါက သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၏ စိစစ်ထောက်ခံချက်များနှင့်အညီ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီသို့ စိစစ်ထောက်ခံတင်ပြပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဧက ၃၀၀ အောက်နှင့် ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် ဧက ၅၀ အောက် လျှောက်ထားလာပါက ပြည်ထောင်စုနယ်မြေ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အနေဖြင့် စိစစ်၍ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စနစ်တကျ စီမံခန့်ခွဲပြီး အမှန်တကယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် အသုံးချနိုင်ရေးနှင့် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့် နေရာများကို ပြန်လည်သိမ်းဆည်း နိုင်ရေးကို ကော်မတီအနေဖြင့် စိစစ်၍ ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်တင်ပြလာသည့် ဆွေးနွေး ဆုံးဖြတ်ရမည့် ကိစ္စရပ်များအား ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း” စသည်ဖြင့် အမှာစကားပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး နေပြည်တော် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားသည့် ကိစ္စများနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ရန်အချက်များကို အသေစိတ်ရှင်းတင်ပြပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)