နေပြည်တော် ဇူလိုင် ၂၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင် ခဲ့ကြသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးအပ် ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆) ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူ (၂) ဦးကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလွှာများ ပေးအပ်သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲတွင် (၅)  ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ (၄) ဦးအတွက် ဂုဏ်ပြုဆုငွေများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသားကျောင်းသူများအတွက် ဝတ်စုံစရိတ် တန်ဖိုးငွေကျပ် (၁၆၅ ဒသမ ၆၀) သိန်းနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းမှ ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းဝတ်စုံ (၁) စုံစီ တန်ဖိုးငွေကျပ် (၄၅ ဒသမ ၆၉၅) သိန်းတို့ကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များက  တက္ကသိုလ်ဝင်စာမေးပွဲတွင် (၄)  ဘာသာဂုဏ်ထူး၊ (၃) ဘာသာဂုဏ်ထူး၊ (၂) ဘာသာဂုဏ်ထူး၊ (၁) ဘာသာဂုဏ်ထူးနှင့် ရိုးရိုးအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုဆု ငွေများနှင့် တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းများအတွက် ဝတ်စုံနှင့် ကျောင်းသုံးပြဌာန်း စာအုပ်များကို ချီးမြှင့်ပေးအပ်ကြသည်။
 
ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ သည့် မရွှန်းလဲ့မီမီခိုင်က ကျောင်းသားကျောင်းသူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြော ကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ပါမောက္ခချုပ်များသည် ကျောင်းသားကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။


ယနေ့ကျင်းပသော အခမ်းအနားတွင် ဝန်ကြီးဌာနတစ်ခုလုံးမှ တက္ကသိုလ်ဝင်တန်းအောင်မြင် သော ကျောင်းသားကျောင်းသူ ၁၂၅ ဦးအနက် ရိုးရိုးအောင်မြင်သူ ၅၈ ဦးကို တစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှုန်း၊ ဘာသာစုံဂုဏ်ထူးရှင် ၂ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၇ ဦး၊ သုံးသာဘာဂုဏ်ထူးရှင် ၇ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၃၄ ဦး၊ စုစုပေါင်းဂုဏ်ထူးရရှိသူ ၆၇ ဦးတို့ကို ဂုဏ်ထူးတစ်ခုလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ဂုဏ်ပြုချီးမြှင့် ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)