ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပသည့် ၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် တတိယဆုရခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) အမျိုးသမီးဘောလုံးကော်မတီက ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀၀ ချီးမြင့်သည့်အခမ်းအနားကို ဇူလိုင် ၂၀ ရက်က အဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ အမျိုးသမီး ဘောလုံး ကော်မတီ ဒု-ဥက္ကဋ္ဌ ဒေါ်မြတ်မြတ်ဦးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘောလုံးဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကိုကိုဌေးနှင့် တာဝန်ရှိသူများ တတိယဆုရ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အုပ်ချုပ်မှု၊ နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများ တက်ရောက်ခဲ့သည်။
ဂုဏ်ပြုပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်း ပြောကြားပြီး အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကိုကိုဌေးက မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း တတိယဆုရရှိခဲ့သည့်အပေါ် ဝမ်းသာပီတိစကား နှင့် အားပေးစကား ပြောကြားခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အမျိုးသမီးဘောလုံးကော်မတီက ချီးမြင့်သည့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀၀ ကို အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကိုကိုဌေးတို့က ကိုယ်စားပေးအပ်ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးနှင့် ကစားသမားများက လက်ခံရယူကြသည်။
၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ တတိယဆုရ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်- ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြများ- ဒေါ်စန်းစန်းမော်၊ ဒေါ်အေးနန္ဒာလှိုင်၊ ဒေါ်နုနုခိုင်ဝင်း၊ ဂိုးနည်းပြ- ဦးယဉ်မင်းအောင်၊ ကစားသမားများအဖြစ် ဂိုးသမား- မေဇင်နွယ်၊ ဇူးလတ်နဒီ၊ မျိုးမြမြငြိမ်း၊ နောက်တန်း- ဖြူဖြူဝင်း၊ ချစ်ချစ်၊ ခင်သန်းဝေ၊ နန့်ဇူးဇူးထက်၊ အေးအေးမိုး၊ မေဖူးကို၊ ခင်မျိုးဝင်း၊ မိုးမမစိုး၊ ခိုင်သဇင်၊ ဇွန်ယုယဦး၊ အလယ်တန်း- ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ပုံ့ပုံ့ပြည့်မောင်၊ ဝင်းဝင်း၊ နှင်းပွင့်အေး၊ လင်းမြင့်မိုရ်၊ ဝေဖူးအိမ်၊ နော်ထက်ထက်ဝေ၊ ယဉ်လွန်းအိမ်၊ ခင်မိုးဝေ၊ ရှေ့တန်း- ဝင်းသိင်္ဂီထွန်း၊ ဂျူလိုင်ကျော်၊ မြတ်နိုးခင်နှင့် စန်းသော်သော်တို့ ပါဝင်ကြသည်။
မြန်မာအသင်းသည် အုပ်စုပွဲစဉ်များတွင် တီမော၊ ကမ္ဘောဒီးယားနှင့် လာအိုအသင်းတို့ကို အနိုင်ရကာ ဗီယက်နမ်အသင်းကို အရေးနိမ့်ပြီး အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းကို အရေးနိမ့်သဖြင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သော်လည်း တတိယနေရာလုပွဲတွင် နာမည်ကြီး ဗီယက်နမ်အသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ယူကာ တတိယဆုရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဗီယက်နမ်အမျိုးသမီးအသင်းကို ဆယ်စုနှစ်တစ်ခုဝန်းကျင်ကြာ အနိုင်မရခဲ့မှုကို အဆုံးသတ်ကာ နိုင်ပွဲရယူကာ တတိယဆုရခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတစ်လျှောက် ချန်ပီယံဆု နှစ်ကြိမ်၊ ဒုတိယဆု သုံးကြိမ်၊ တတိယဆု သုံးကြိမ် ရရှိထားသည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF