ဇူလိုင် ၂၂

နယ်စပ်ဒေသများနှင့် အချို့သော EAO အဖွဲ့များထံ ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအား နယ်စပ်ကြိုဆိုရေး စခန်းအသီးသီးနှင့် နီးစပ်ရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းများသို့ သတင်း  ပေးပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်နှင့်အညီ အေးချမ်းစွာနေထိုင် နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က နေ့စဉ်အသိပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသည်ကို မြင်တွေ့နေရ၍ ဝမ်းမြောက်ပီတိဖြစ်ရပါသည်။

နိုင်ငံတော်ကို အလုံးစုံပျက်သုဉ်းစေရန် ပြုလုပ်နေကြသည့် CRPH နှင့် NUG အကြမ်းဖက်အုပ်စုများက ပြည်သူများအား ဆွဲဆောင်စည်းရုံးမှု၊ သွေးထိုးလှုံ့ဆော်မှု နှင့် ခြိမ်းခြောက်အကျပ်ကိုင်မှုများကို ပြုလုပ်လျက်ရှိရာ အချို့သော CDM ဝန်ထမ်း များ၊ စိတ်ခံစားလွယ်သည့် ကျောင်းသား ကျောင်းသူများနှင့် လူငယ်လူရွယ်များသည်  အချို့သော  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO များထံသို့   ရောက်ရှိ သွားကြပြီး ၎င်းတို့ထံတွင် သေနတ်ပစ်ခတ်ခြင်းနှင့် ဖောက်ခွဲရေးသင်တန်းများ၌ ပါဝင်တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းများသို့ တက်ရောက်ခဲ့ကြသူများ  အနက်မှ အချို့လူငယ်များသည် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်လိုခြင်းမရှိသည့် အတွက် ထွက်ပြေးတိမ်းရှောင်ကြပြီး ပြည်တွင်း/ပြည်ပ ဒေသအချို့၌  သွားရောက် အလုပ်လုပ်ကိုင်နေကြကြောင်း ကြားသိရသည်။

အဆိုပါ လူငယ်များသည် မိမိတို့၏ နေရပ်ဒေသအသီးသီးရှိ မိဘဆွေမျိုးများ နှင့်အတူ တည်ငြိမ်အေးချမ်းစွာ ပြန်လည်နေထိုင်လိုကြသော်လည်း CRPH နှင့် NUG အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် သမားများ၏ နှောင့်ယှက်အန္တရာယ်ပေးမှု၊ ထိန်းချုပ်အကျပ်ကိုင် ခြိမ်းခြောက် ထားမှုများကြောင့်  ပြန်လည်လာရောက်နိုင်ရန် အခက်အခဲများရှိနေကြသည်ကို သက်ဆိုင်ရာများသို့   ဆက်သွယ်၍   သတင်းပေးပို့ချက်များအရ   သိရှိရသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက ပြည်တွင်းရှိ နေရပ်ဒေသများသို့ ပြန်လည်ဝင်ရောက် လိုသူများအား ကြိုဆိုလက်ခံနိုင်ရေးအတွက် နယ်စပ်ဒေသအသီးသီးတွင် ပြန်လည် ကြိုဆိုလက်ခံရေးစခန်းများ  ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါစခန်း များအပြင်     နီးစပ်ရာတပ်မတော်နှင့်    မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအသီးသီးသို့ ဆက်သွယ်သတင်းပို့ကြသူများအား    သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လုံခြုံစိတ်ချ အာမခံချက်ရှိစွာဖြင့် အေးချမ်းစွာနေထိုင်နိုင်ရန် ဆောင်ရွက်ပေးနေပြီ ဖြစ်သည်။

မျက်မှောက်ကာလတွင်    နိုင်ငံအတွင်း၌   နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ လမ်းမှားသို့ရောက်ရှိသွားကြသော လူငယ်လူရွယ်များ၏ အခြေ အနေများကို ပြည်သူများအားလုံး မြင်တွေ့ကြားသိနေရပေသည်။ လမ်းမှားသို့  ရောက်ရှိသွားကြသော လူငယ်လူရွယ်များအနေဖြင့် အသိတရားရကြသည်ဖြစ်စေ၊  အသိမဲ့ အမှောင်ဖုံးသည်ဖြစ်စေ  ဥပဒေဘောင်ပြင်ပတွင်  ဒုက္ခဆင်းရဲများနှင့် ကြုံတွေ့ကြရမည်သာဖြစ်သည်။ မည်သူတို့ မည်သို့ပင် ဒုက္ခရောက်သည်ဖြစ်စေ အားလုံးသည် မြန်မာနိုင်ငံသားများပင်ဖြစ်၍ စိတ်မကောင်းဖြစ်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့၏ နိုင်ငံသားများအပေါ် ကိုယ်ချင်းစာစိတ်ထား၍  အသိမှန် အမြင်မှန်ရကြသူများကို ကယ်တင်စောင့်ရှောက်ပေးလျက်ရှိပြီး အသိမှန်  အမြင်မှန်မရကြသူများကို ဖယ်ရှားရှင်းလင်းနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။  နိုင်ငံတော်၏ လူသားအရင်းအမြစ်များ မလိုအပ်ဘဲ  ဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်မှကင်းကွာနေသော ပညာရေးဝန်ထမ်းများ၊  PDF  အပါအဝင်  အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍    လက်နက်ကိုင်ဆန့်ကျင်နေသူများအနက်မှ ဥပဒေဘောင် အတွင်း   ပြန်လည်ဝင်ရောက်လိုသူများကို  ပြန်လည်ဖိတ်ခေါ်၍ စနစ်တကျလက်ခံ ပေးလျက်ရှိသည်။

ယခုအခါ NUG အမည်ခံအုပ်စုများနှင့် PDF အမည်ခံအုပ်စုများ၏ အကြမ်းဖက် အဖျက်လုပ်ရပ်များကို မျက်ဝါးထင်ထင် တွေ့မြင်သိရှိလာကြပြီး ၎င်းတို့၏လုပ်ရပ် များကို လက်ခံနိုင်မှုမရှိတော့ခြင်း၊ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေမှုများကို ယုံကြည်လက်ခံ နားလည်လာခြင်း၊   မိမိတို့နေရပ်ဒေသအသီးသီးရှိ  မိဘဆွေမျိုးများနှင့်အတူ တည်ငြိမ်အေးချမ်းစွာ ပြန်လည်နေထိုင်လိုကြခြင်းဆန္ဒများရှိနေကြရာ ယခုအခါ တွင် နိုင်ငံတော်အစိုးရက မိဘသဖွယ်သဘောထားပြီး ပြည်သူတို့၏ နေ့စဉ်လူမှုဘဝ တွင် အေးချမ်းစွာနေထိုင်နိုင်ရန် အာမခံချက်ပေးထားသောကြောင့် အေးချမ်းသည့်  မိဘရင်ခွင်သို့ ပြန်လည်ခိုဝင်နေကြပြီဖြစ်သည်။

သို့ဖြစ်ရာ လမ်းမှားသို့ ရောက်ရှိသွားကြသော လူငယ်လူရွယ်များအနေဖြင့် အသိမှန်အမြင်မှန်ရရှိကြပြီး နိုင်ငံတော်အစိုးရ၏ စေတနာကို အကြွင်းမဲ့လက်ခံ ယုံကြည်၍ တည်ငြိမ်အေးချမ်းသည့် မိဘရင်ခွင်၊ လုံခြုံစိတ်ချရသည့် ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ကြကာ စည်းလုံးညီညွတ်သော အင်အားများဖြင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် အတူလက်တွဲပါဝင်ဆောင်ရွက် ကြရန် တိုက်တွန်းအပ်ပါကြောင်း။    ။

ကြေးမုံ