တနင်္သာရီ ဇူလိုင်လ ၂၂
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး ဦးယဉ်ထွေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၀ နာရီက တနင်္သာရီ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)များကို Software Program ဖြင့် Data base သို့ စာရင်းထည့်သွင်းနေမှုအား ကြည့်ရှု အားပေးပြီး သတ်မှတ်ကာလ (၂)လအတွင်း ပြီးစီးနိုင်ရေးနှင့် နိုင်(၄)မှတ်တမ်းများ မှန်/မမှန် ပြန်လည်စစ်ဆေးရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
လူဦးရေစာရင်းများ တိကျမှန်ကန်နိုင်ရေးနှင့် မကြာမီကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် တိကျ မှန်ကန်သော မဲစာရင်းများရရှိစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ပါ အချက်အလက်များကို Software Program ဖြင့် နည်းပညာအသုံးပြု၍ Data base သို့ တိုက်ရိုက် စာရင်းထည့်သွင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန တနင်္သာရီ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
တနင်္သာရီမြို့နယ်တွင် ထုတ်ပေးထားပြီးဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) အရေအတွက်မှာ (၁၆၀၀၀)ကျော်ရှိပြီး မြို့နယ်ဦးစီးမှူး ဦးမြင့်ကြွယ်ကြီးကြပ်၍ ကွန်ပျူတာ ကျွမ်းကျင်ဝန်ထမ်းများနှင့် Software Program ဖြင့် စာရင်းထည့်သွင်းခြင်းလုပ်ငန်းကို သတ်မှတ် ကာလ(၂)လအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)