သရက် ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ဇူလိုင် ၂၂ ရက်က အနောက်ရပ် မြောက်ပိုင်းရပ်ကွက်၊ ဇော်ဂျီရပ်ကွက်နှင့် အ.မ.က(ချင်းကျောင်း)တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီအသင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အဘိတ်ဆေးခတ်ပေးခြင်း၊ ပိုလောက်လန်းများ မရှိစေရေး ရေလှောင်ကန်များ ရေပုံးများ၊ မိုးရေဝင်နိုင်သည့် အိုခြမ်းပဲ့၊ တာယာကွင်း၊ ဘုရားပန်းအိုးများ စသည့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် ခြင်ဆေးဖျန်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ရပ်ကွက်အတွင်းနေအိမ်များရှိ ပိုးလောက်လန်း ပေါက်ပွားနိုင်သည့်နေရာများကို စစ်ဆေးပြီး မြို့နယ်ပြည်သူ့ကျန်းရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်ခင်ဌေးလှိုင်က သွေလွန်တုပ်ကွေး လက္ခဏာများ၊ သွေးလန့်သည့် လက္ခဏာများအကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့် အကြောင်းအရာများကို အသိပညာပေး ပြောကြားကာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)