လွိုင်ကော် ဇူလိုင် ၂၂

 

ကယားပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ- ၆၆/၆) များအား Software Program ဖြင့် ထည့်သွင်းနေမှုကို လွိုင်ကော်မြို့၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံး ကွန်ပျူတာခန်းမ၌ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီ အထွေထွ ေရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ- ၆၆/၆) များ တိကျမှန်ကန်မှုရှိစေရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်၏ နိုင်ငံသားကိုယ်ရေး မှတ်တမ်း အချက်အလက်များကို e-ID စနစ်ဖြင့် Software အသုံးပြုကာ Database အတွင်း ထည့်သွင်းသည့် လုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ e-ID စနစ်ဖြင့် Software အသုံးပြုကာ Database အတွင်းထည့်သွင်းသည့် လုပ်ငန်းများဆောင်ရွက် နေမှုကို ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ဇူလိုင် ၁၈ ရက်နေ့မှစတင်၍ ရက်ပေါင်း ၆၀ အတွင်း အိမ်ထောင်စုလူဦးရေ စာရင်း စုစုပေါင်း (၆၅၀၁၁)ကို ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဇင် (လွိုင်ကော်)