ကွန်ဟိန်း ဇူလိုင် ၂၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာကို ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာ နှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၅၀၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကွန်ဟိန်းမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ဝိန်းလုံ၊ နားခေါက်၊ ဆိုင်းခေါင်၊ နားဟိုက်၊ နမ့်ဟူးလျင်ကျေးရွာ ၅ ရွာ၌ ကျေးရွာတစ်ရွာလျှင် စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀ စီအပြင် ကျေးရွာပြည်သူတွေရဲ့ ထည့်ဝင်ငွေများဖြင့် သောက်သုံးရေရရှိရေးလုပ်ငန်း၊ ကျောက်စီမြေကာနံရံပြုလုပ်ခြင်းလုပ်ငန်း၊ ကျေးရွာလမ်းခင်း ခြင်းလုပ်ငန်း၊ တံတားတည်ဆောက်ခြင်း အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများက နည်းပညာများပံ့ပိုးကာ ကျေးရွာပြည်သူလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးရွာများသို့ကွင်းဆင်းကာ စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ယခုလအတွင်း စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ကွန်ဟိန်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇေယျာမင်းထံမှ သိရသည်။

မြတ်သူ(ကျေးလက်)