နမ္မတူ ဇူလိုင် ၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်၌ ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးလန် ပျက်စီးခဲ့သော လူနေအိမ် (၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းမင်းထွန်းနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်တို့က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှု၊ သစ်ပင်များကျိုးကျမှုကြောင့် အမိုးလန်ပျက်စီး ခဲ့သည့် မိုင်းတက်ကျေးရွာ အုပ်စု၊ မိုင်းဆင်ကျေးရွာရှိ လူနေအိမ် (၄)လုံး၊ ဟင်ဘုတ်ကျေးရွာအုပ်စု ကုန်းကယားကျေးရွာနှင့် ဆင်လီကျေးရွာရှိ လူနေအိမ် (၄)လုံး၊ လူနေအိမ် (၁)လုံးလျှင် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၅၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း လူနေအိမ် (၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၄၀၀၀၀၀)ကျပ်နှင့် လူဦးရေ (၄၉)ဦးတို့အတွက် တစ်ပတ်စာ ဆန်ဖိုးရိက္ခာငွေ (၁၀၂၉၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၀၂၉၀၀)ကျပ်အား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ရေး မိုင်းတက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောလိယနှင့် ဟင်ဘုတ်ကျေးရွာအုပ်စုစာရေး လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်ထံက သိရှိရပါသည်။
လူမော် (ပြန်/ဆက်)