နေပြည်တော်၊ ဇူလိုင် ၂၅

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်၊ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်တို့ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဒက္ခိဏသီရိမြို့နယ်ရှိ Nilar Frozen Foods Co., Ltd. ၏ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများအား Contract Farming စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ကာ တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် အေးခဲထုတ်လုပ်၍ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေမှု၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်နှင့် ကုန်ကြမ်းပုံမှန် ရရှိရန်အတွက် စိုက်ပျိုးမြေလိုအပ်မှုကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်ရှိ Golden Sunland Co., Ltd. က ဆောင်ရွက်လျက်ရှိသည့် အဆင့်မြင့်ဆန်စက် တည်ဆောက်ပြီးစီးမှု၊ ဆန်းစပါး ကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းနှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်ရှိ Chindwin Banner Co., Ltd. က ဆောင်ရွက်လျက်ရှိသည့် အဝတ်အထည်မျိုးစုံ ချုပ်လုပ်ခြင်းလုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ ဒေသနေ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်မှုကိုလည်းကောင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးကြပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

 

ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးများနှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင်တို့က ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းများ ဆက်လက်တိုးချဲ့ ဆောင်ရွက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နေပြည်တော် ကောင်စီတို့က ကူညီပံ့ပိုးပေးမည့် အစီအစဉ်များကိုလည်းကောင်း၊ လုပ်ငန်းဆိုင်ရာ ကြုံတွေ့နေရမှုများနှင့်ပတ်သက်၍ ဆက်စပ်ဌာနများနှင့် လုပ်ငန်းရှင်များအကြား ညှိနှိုင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ပိုမို အားကောင်းလာစေရေး၊ ကုန်ကြမ်း လုံလောက်မှုရှိစေရေး၊ အမှန်တကယ်လိုအပ်သည့် စိုက်ပျိုးမြေ အသုံးပြုခွင့်ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးချဲ့မြှင့်တင်ရေးနှင့် လုပ်သားများ၏ ကျွမ်းကျင်မှု ဆိုင်ရာမြှင့်တင်ရေး တို့နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်