တမူး ဇူလိုင် ၂၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တိန်းကယား(ဗမာ)ကျေးရွာ၌ စိုက်ပျိုးမြေဧက ၃၀၀ ကျော်အကျိုးပြုမည့် တိန်းကယား (ဗမာ)ကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ ကျေးလက်ကုန်ထုတ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ယခုနှစ် မေလ တတိယအပတ်မှ စတင်ဖောက်လုပ်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန်ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများ၊ ကုန်ထုတ်တံတားများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် တိန်းကယား (ဗမာ)ကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ ကျေးလက်ကုန်ထုတ်တံတား Box Culvert ခြောက်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၂၄ ဒသမ ၃၈ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ကာ မေလတတိယအပတ်မှစတင်ကာ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း၊ ယနေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင်က ပြောပြ၍ သိရသည်။

 

အဆိုပါ တိန်းကယား(ဗမာ)ကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ ကုန်ထုတ်တံတားများ တည်ဆောက်နိုင်မှုကြောင့် ကျေးရွာရှိ အိခြေ ၈၀ အိမ်၊ လူဦးရေ ၄၀၃ ဦးတို့၏ စိုက်ပျိုးမြေ ဧက ၃၀၀ ကျော် အကျိုးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေများမှ ရာသီအလိုက်စိုက်ပျိုးသော ကောက်ပဲသီးနှံများ ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)