ဟားခါး ဇူလိုင် ၂၇
ချင်းပြည်နယ် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ ( ၂ / ၂၀၂၂ ) အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၆ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အမှာစကားပြောကြားရာတွင် ဟားခါးမြို့နယ် ၊ နယ်နိမိတ် ( ၂၈၀၉၆ ) ဧကအတွင်းမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ၂၄၈၄၄ ဒသမ ၄၈ ဧကအား မြို့မြေအဖြစ် တိုးချဲ့သတ်မှတ်နိုင်ရေး လျှောက်ထားခြင်းနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆွေးနွေးနိုင်ရေးအတွက် အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း ၊ ဟားခါးမြို့တွင် လူဦးရေ (၃၀၀၀၀) ခန့် ၊ အိမ်ခြေ (၆၀၀၀) ခန့်ရှိပြီး ဟားခါးမြို့တွင်း လူနေထိုင်သော ဧရိယာမှာ ခန့်မှန်း (၄၀၀၀) ဧကခန့်အထိ လူနေအိမ်ဆောက်လုပ်လျက်ရှိ ၍ လက်ရှိမြို့မြေသည် ( ၆၂၈ ) ဧကသာရှိသဖြင့် ဒေသခံပြည်သူများအတွက် ဥပဒေ ၊ လုပ်ထုံးလုပ်နည်းနှင့် အညီ တရားဝင်မြေပိုင်ဆိုင်မှုအထောက်အထားများ ထုတ်ပေးနိုင်ရေး လိုအပ်လျက်ရှိကြောင်း ၊ ဥပဒေနှင့်အညီ အစိုးရက စီမံခန့်ခွဲနိုင်ခွင့်ရှိသော မြို့မြေအဖြစ် တိုးချဲ့သတ်မှတ်ပြီးပါက ပြည်သူများအနေဖြင့် နှစ်တို ၊ နှစ်ရှည်မြေငှားဂရန်များ လျှောက်ထားနိုင်ခြင်း ၊ မြေငှားဂရန်များရရှိပြီးပါက ဥပဒေနှင့်အညီ ရောင်းချခွင့် ၊ ပေါင်နှံခွင့် ၊ ပေးကမ်းခွင့် ၊ လဲလှယ်ခွင့်နှင့် သားစဉ်မြေးဆက် အမွေဆက်ခံခွင့် များရရှိခြင်း ၊ တရားဝင်ပိုင်ဆိုင်မှုရရှိပြီးပါက အခြားသူများမှ လိမ်လည်ရောင်းဝယ်ခြင်းမှလည်း ကင်းဝေးနိုင်ခြင်း ၊ အကြောင်းမဲ့ မြေသိမ်းဆည်းခံရခြင်းနှင့် ဖယ်ရှားခံရခြင်းမှလည်း ကင်းဝေးနိုင်ပြီး နိုင်ငံတော်မှ လိုအပ်၍ မြေသိမ်းဆည်း သည့်အခါတွင်လည်း ကာလတန်ဖိုးနှင့် လျော်ညီသည့် မြေယာလျော်ကြေး ၊ နစ်နာကြေးများ ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ၊ ချင်းပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး အဖွဲ့ခေါင်းဆောင်သည့် ( ၁၁ ) ဦးပါ သီးခြားအဖွဲ့မှ စစ်ဆေးတွေ့ရှိသည့် အစီရင်ခံစာ အပေါ် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ ဗဟိုကော်မတီသို့ ဆက်လက်တင်ပြရန်အတွက် အစည်းအဝေး တက်ရောက်လာကြသည့် အဖွဲ့ဝင်များမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံစိစစ်ဆွေးနွေး ပေးကြစေလိုကြောင်းဖြင့် ထည့်သွင်းပြောကြားသည်။
ထို့နောက် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်များ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမြင့်ကြိုင်က ဟားခါးမြို့ စည်ပင်သာယာရေးအဖွဲ့မှ ဟားခါးမြို့တိုးချဲ့ရန်အတွက် မြို့နယ်နိမိတ် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် (၂၈၀၉၆) ဧကအတွင်းမှ မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်း ၂၄၈၄၄ ဒဿမ ၄၈ ဧကအား အစိုးရကခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်လွှာ ( ပုံစံ−၄) ဖြင့် လျှောက်ထားမှုအပေါ် ကန့်ကွက်မှုများနှင့်ပတ်သက်၍ သီးခြားအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သီးခြားအဖွဲ့ ခေါင်းဆောင် ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးဦးစီးဌာန ၊ ပြည်နယ် ဦးစီးမှူး ဦးတင်ဝင်း ၊ ပြည်နယ်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟောင်းလွမ်း ၊ တောင်သူလယ်သမားရေးရာ လူမှုအဖွဲ့အစည်းကိုယ်စားလှယ် ဒေါက်တာမိုးဆက်ထလာကျုံးတို့က ဖြည့်စွက် ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက အဆိုပြုအဆင့် မှာရှိသေးသည့် ရုန်းတောင်သစ်တောထိန်းသိမ်းရေးဧရိယာနှင့် ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ပြည်နယ်မြေစာရင်းဦးစီးမှူးပါ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း၍ ပြန်လည်စိစစ် တင်ပြရန်လိုကြောင်း အကြံပြုဖြည့်စွက် ဆွေးနွေးခဲ့သည်။
ယင်းနောက် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်း ( ၈၄၈၁ ) ဧကအား ဟားခါးမြို့မြေတိုးချဲ့ဧရိယာအဖြစ် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ ဗဟိုကော်မတီသို့ ဆက်လက်တင်ပြရန် အတည်ပြုဆုံးဖြတ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန် / ဆက် )