လွိုင်ကော်        ဇူလိုင်        ၂၇

 

ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ဇူလိုင် ၂၇ ရက်က လွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်ပြည်သူ့ ဆေးရုံအုပ်ကြီး၊ ပြည်နယ် ကိုဗစ်-၁၉ ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသံလွင်အောင်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုကို လည်းကောင်း၊ လွိုင်ကော်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်က ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေး ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီးက  လက်ခံရယူသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆေးရုံရှိ ဆေးကုသဆောင်၊ ကလေးလူနာဆောင်၊ ထိခိုက်ဒဏ်ရာနှင့် အရိုးရောဂါကု လူနာဆောင်နှင့် ခွဲစိတ်ကုသဆောင်များသို့ သွားရောက်၍ လူနာများအား ကြည့်ရှုအားပေးစကား ပြောကြားပြီး အာဟာရဖြည့် အစားအသောက်များ ပေးအပ်လှူဒါန်းသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူ့ဆေးရုံဝင်းအတွင်း ဆေးရုံ၏ ဥပဓိရုပ် ကောင်းမွန်စရေးနှင့် သာယာလှပရေး ဆောင်ရွက်ထားမှု၊ ဆေးရုံဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)